ဟုမ္မလင်း - ဖောင်းပြင်နယ်စပ်တွင် နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများသေကာ လက်နက် တချို့သိမ်းဆည်းရရှိခဲ့

ဟုမ္မလင်း - ဖောင်းပြင်နယ်စပ်တွင် နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများသေကာ လက်နက် တချို့သိမ်းဆည်းရရှိခဲ့

 စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း - ဖောင်းပြင်နယ်စပ်ကို စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်က အများအပြားသေပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



ဟုမ္မလင်း - ဖောင်းပြင်နယ်စပ် သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၈)ရက်နေ့က စတင်ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပူးတွဲ ပျူစောထီးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က (၁၀)ဦးသေကာ ကျန် (၂)ဦးမှာ လက်ပြတ်နှင့် ဒဏ်ရာပြင်းထန်ရရှိပြီး လက်လုပ်သေနတ် ( ၇ )လက် သိမ်းဆည်းရရှိခဲ့သည်ဟု Homalin People's Defence Force-HPDF က ယနေ့ ဧပြီလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း သေဆုံးစာရင်းကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ပေ။



ဧပြီလ (၂၉)ရက်တွင် ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု မှ ဝန်းရံပိတ်ဆို့ထားသော ဟုမ္မလင်းမြို့နယ်၊ ဝဲဟက်ကျေးရွာအား အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်သွားသည်ဟု သိရသည်။

လက်ရှိ အချိန်တွင် ဟုမ္မလင်း - ဖောင်းပြင် အစပ်ရှိ ချင်းတွင်းမြစ် ကမ်းနံဘေး ကျေးရွာများတွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။

တိုက်ခိုက်မှုကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဖောင်းပြင် (ပ.က.ဖ) အင်အား စုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Homalin People's Defence Force - HPDF