မြန်မာအလုပ်သမားဇနီးမောင်နှံနှစ်ဦး ထိုင်းထီဘတ် ၆ သန်းဆုပေါက်

မြန်မာအလုပ်သမားဇနီးမောင်နှံနှစ်ဦး ထိုင်းထီဘတ် ၆ သန်းဆုပေါက်
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းဘတ်ငွေ (၆)သန်း ထီဆုပေါက်ကြောင်း ကူညီပေးနေသည့် MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ထိုင်းအစိုးရထီကို မြန်မာဇနီးမောင်နှံနှစ်ဦးသည် ဘတ်(၆)သန်းဆုကို ဘတ်(၁၀၀၀)ဖိုး ထီ(၁၀)စောင်ထိုးခဲ့ရာက တစ်စောင်မှ ဘတ်(၆)သန်းဆုပေါက်ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့ကထီထွက်တော့ ထီတိုက်ကြည့်တယ်။ ထီပေါက်တာလည်းသိရော အခြားမယုံကြည်ရတဲ့သူတွေကိုပြောမိရင် အလိမ်ခံရမှာစိုးလို့ အေအေစီ ကိုရဲမင်းဆီ ဖုန်းနဲ့ဆက်ပြီး အကူညီတောင်းခဲ့ပါတယ်။"ဟု ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦးက ပြောသည်။ 

ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦး၏ အကူအညီတောင်ခံလာမှုကြောင့် ကိုရဲမင်း ဦးဆောင်သည့် M.H.A.C မဟာမိတ်အဖွဲ့မှ ယနေ့ စက်တင်ဘာလ (၂)ရက်နေ့တွင် သက်ဆိုင်ရာဘဏ်သို့ သွားရောက်ဆုငွေထုတ်ယူပေးခဲ့သည်ဟု သိရသည်။

"ထီပေါက်တဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံဦးက ထီထွက်ဆုငွေထုတ်ယူရာမှာ လိုက်ပါကူညီဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ရုံးကို ဆက်သွယ်အကူအညီတောင်းလာပါတယ်။ မနေ့က ရုံးပိတ်ရက်ဆိုတော့ ဘဏ်ကိုသွားဖို့က အဆင်မပြေတော့ ဒီနေ့ပဲ ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လုံခြုံရေးပိုင်းကိုပါတာဝန်ယူပြီးတော့ ကျွန်တော်ရုံးအဖွဲ့က ဆုငွေကို နေ့ချင်းပြီးထုတ်ယူပေးခဲ့ပါတယ်။"ဟု M.H.A.C မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။ 

ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးမှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှ ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ အထည်ချုပ်စက်ရုံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ (၈)နှစ်ခန့်ရှိပြီဖြစ်သည်ဟု ဆိုသည်။ 

ယခင် AAC မဟာမိတ်အဖွဲ့သည် ယခု MHAC မဟာမိတ်အဖွဲ့အထိ ထိုင်းအစိုးထီအမြင့်ဆုံးဆု ဘတ်(၆)သန်းဆု နှစ်စောင်တွဲပေါက်သူ (၆)ဦးအပါအဝင် ပထမဆုကြီးပေါက်သူ(၅၂)ဦးကို ထီဆုငွေများ ထုတ်ယူပေးနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency