ပြင်းထန်နေသည့် ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အထိနာပြီး ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာ ထွက်ပြေးနေ

ပြင်းထန်နေသည့် ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အထိနာပြီး ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာ ထွက်ပြေးနေ

 အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲအား ပြင်းထန်စွာ အရှိန်အဟုန်တိုးမြင့်ကာ နေ့ရောညပါ ထိုးစစ်ဆင်နေရာ စစ်ကောင်စီတပ်သားများက ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း နှင့် တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ကာ ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရသလို နေ့စဉ်နှင့်အမျှ စစ်ကောင်စီတပ်သား အသေအဆုံးများကြောင်း AA က ဒီဇင်ဘာလ(၂၁)ရက်နေ့က ညပိုင်းက လက်ရှိ ဂွမြို့ တိုက်ပွဲအခြေအနေကို  အသိပေးထားသည်။

"ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး  ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင် ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်သည်"ဟု သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလ(၁၇)ရက်နှင့်(၁၈)ရက်နေ့များတွင် ဂွမြို့နယ်အတွင်း အလယ်ရွာကို မီးရှို့ဖျက်ဆီးသလို ဒီဇင်ဘာလ(၂၁)ရက်နေ့ကလည်း ခမရ(၅၆၃)အနီးရှိ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။ 

"အရှုံးများနှင့် ရင်ဆိုင်နေရပြီး စခန်းတစ်ခုပြီးတစ်ခု၊ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရသော အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီသည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ် မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြသည်။"ဟုလည်း ဆိုထားသည်။

အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်နယ်တစ်ခုလုံး သိမ်းပိုက်ရေး  ထိုးစစ်ဆင်တိုက်ပွဲများတွင် AA က မြို့နယ်ပေါင်း (၁၄)မြို့ကို သိမ်းပိုက်ထားနိုင်ပြီး ဂွမြို့လည်း မကြာမီသိမ်းပိုက်နိုင်တော့မည့် အခြေအနေဖြစ်ရာ AA အနေဖြင့် သိမ်းပိုက်နိုင်မည့် မြို့နယ်ပေါင်း (၁၅)မြို့နယ် ဖြစ်လာတော့မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများတွင် AA ထံ ဒူးထောက်အညံ့ခံလာကြသည့် ဗိုလ်မှူးချုပ်များစွာလည်း ရှိနေသည်။