စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပရန် ရှေးပြေးလုပ်ဆောင်နေသည့် လူဦးရေ စာရင်းကောက်ခံနေမှု အခြေအနေမှာ တစ်နှစ်ခွဲခန့် ကြာနေသော်လည်း တိုင်းနှင့်ပြည်နယ် (၆)ခုတွင် အလုံးစုံ မကောက်နိုင်သေး

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပရန် ရှေးပြေးလုပ်ဆောင်နေသည့် လူဦးရေ စာရင်းကောက်ခံနေမှု အခြေအနေမှာ တစ်နှစ်ခွဲခန့် ကြာနေသော်လည်း တိုင်းနှင့်ပြည်နယ် (၆)ခုတွင် အလုံးစုံ မကောက်နိုင်သေး

 အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ် အတွင်း၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မျှော်မှန်းထားပြီး ရွေးကောက်ပွဲအတွက် အဓိက လုပ်ငန်းစဉ်ဖြစ်သည့် မြေပြင် လူဦးရေစာရင်းကောက်ယူနေသည့် လုပ်ငန်းစဉ်မှာ  (၁)နှစ်ခွဲဝန်းကျင် ကြာနေပြီ ဖြစ်သော်လည်း ရာနှုန်းပြည့် စာရင်းကောက်ခံနိုင်မှု အခြေအနေမှာ တိုင်းနှင့်ပြည်နယ် (၁၅)ခုအနက် တိုင်းနှင့်ပြည်နယ်(၉)ခုတွင်သာ လုပ်ဆောင်နိုင်သေးကြောင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ လျှို့ဝှက် အစီရင်ခံစာများနှင့် ညွှန်ကြားချက်များအရ သိရသည်။ 

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၅)ခုအနက်  မြေပြင် လူဦးရေ စာရင်းကောက်ခံနိုင်မှုမှာ ရာနှုန်းပြည့် ကောက်ခံနိုင်ရန် တိုင်းနှင့်ပြည်နယ်(၆)ခု ကျန်သေး၍ ဆက်လက် ကောက်ယူနေလျက်ရှိကြောင်းနှင့် အဓိက အခက်အခဲမှာ နေရပ်စွန့်ခွာပြီး ပြောင်းရွေ့နေထိုင်သူများလာခြင်းကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဌဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဇူလိုင်လ၏ ပထမပတ်အတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် အစီရင်ခံထားသည်။

လူဦးရေ စာရင်းကောက်ယူနေမှာ တစ်နှစ်ခွဲဝန်းကျင်ကြာနေပြီဖြစ်ပြီး အလုံးစုံ ကောက်ခံနိုင်ရန် တိုင်းနှင့်ပြည်နယ်(၆)ခုကျန်နေသေး၍ နောက်ထပ် စာရင်းကောက်ရန် နည်းလမ်းတစ်ခုအနေဖြင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်သူများ လက်ရှိ နေထိုင်ရာ ကျေးရွာ နှင့် ရပ်ကွက်များတွင် ရောက်ရှိ နေထိုင်မှု (၁)လပြည့်ပါက စာရင်းကောက်ယူပြီး မည်သည့် ရပ်ကွက်၊ ကျေးရွာ ဒေသက ရောက်ရှိလာကြောင်းကို စာရင်းထည့်သွင်းကာ လူဦးရေစာရင်းကောက်ယူမည်ဟု သိရသည်။

"အထက်ကလည်း ဒီကိစ္စကို အတော်လေး ဖိဖိစီးစီးလုပ်ဖို့ ညွှန်ကြားထားတာဆိုတော့ ကျွန်တော်တို့ လဝက ဘက်က ရွေ့ပြောင်းနေထိုင်သူတွေကို ရပ်/ကျေးစာရေးတွေကနေ တဆင့် စာရင်းကောက်ယူပြီး အိမ်ထောင်စုရှိလား၊ မှတ်ပုံတင် ရှိလားဆိုတာတွေ မေးမြန်း စာရင်းကောက်ပြီးတော့ အဲ့ဒါတွေမရှိရင် ပန်းခင်း စီမံချက် အဆင့်(၃)နဲ့ အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေ လုပ်ပေးဖို့ စီစဉ်ထားတယ်။"ဟု နေပြည်တော် လဝက မှ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လူဦးရေစာရင်း ရယူနိုင်ရေး လဝက က မြေပြင်ကွင်းဆင်းကာ မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများကို ပန်းခင်းစီမံချက်အမည်ဖြင့် လုပ်ဆောင်နေပြီး ပန်းခင်းစီမံချက် အဆင့်(၁)တွင် လူဦးရေ (၃.၄)သန်းကျော်၊ ပန်းခင်းစီမံချက် အဆင့်(၂)တွင် လူဦးရေ  (၁.၄)သန်းကျော်ကို ပြုလုပ်ပေးခဲ့ပြီး ပန်းခင်းစီမံချက် အဆင့်(၃)တွင် လူဦးရေ (၂)သန်းကျော်ကို မှတ်ပုံတင်ပြုလုပ်ပေးနိုင်ရန် လျာထားသည်ဟု သိရသည်။ 

နိုင်ငံ့အာဏာမသိမ်းမီကာလများက  လဝက အနေဖြင့် မြေပြင်ကွင်းဆင်း မှတ်ပုံတင်ပြုလုပ်ပေးခြင်းများကို ၂၀၁၀ -  ၂၀၁၁ မှ ၂၀၁၅ခုနှစ်အတွင်း  မိုးပွင့် စီမံချက် ဟု အမည်ပေးပြီး လူပေါင်း (၈.၄)သန်းနီးပါးကို မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့သလို ၂၀၁၆ - ၂၀၂၀ ခုနှစ်အတွင်း သစ္စာစီမံချက်ဖြင့် လူပေါင်း (၆.၂)သန်းကို မှတ်ပုံတင်များ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံမှုကို ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ကနေ အောက်တိုဘာလ(၁၅)ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းစာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့်  စာရင်းကောက်ယူရေးအတွက် လူအင်အား(၄၂,၀၀၀)အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးတွင် အသုံးချမည့် စာရင်းစစ်၊ စာရင်းကောက်များအတွက် သင်တန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် အထူးနည်းပြသင်တန်းအဖြစ် လည်းကောင်း၊ ခရိုင်အဆင့် နည်းပြသင်တန်းကို လည်းကောင်း၊ စာရင်းစစ်/စာရင်းကောက်သင်တန်းကို လည်းကောင်း ၂၀၂၄ခုနှစ် ဩဂုတ်လ ကနေ စက်တင်ဘာလ နောက်ဆုံးပတ်အထိ အဆင့်(၃)ဆင့်ခွဲပြီး ပို့ချရန် စီစဉ်ထားပြီး စာရင်းစစ်/စာရင်းကောက်သင်တန်းတွင် လူပေါင်း (၃၉,၂၄၀)ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်အတွက် အသုံးချ ခံရမည့် (၄၂,၀၀၀)ဦးအနေဖြင့် သင်တန်းစတက်သည့်နေ့က စပြီး သန်းခေါင်စာရင်းကောက်ယူပြီးစီးသည်အထိ (၂)လခန့် တာဝန်ယူပေးရမှာ ဖြစ်သော်လည်း သင်တန်းတက်သည့် နေ့ရက်များနှင့် စာရင်းကောက်ယူသည့်နေ့များအတွက်သာ ဝန်ထမ်းများကို ကျွေးမွေးစရိတ် နေ့လျှင် ကျပ်(၄၀၀၀)ပေးမည်ဖြစ်ပြီး Volunteers များကို တစ်နေ့လျှင် နေ့တွက်စရိတ်နှင့်ကျွေးမွေးစရိတ် အပါအဝင် ကျပ်(၈၈၀၀)ပေးမည်ဖြစ်ရာ ကုန်ကျစရိတ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး၏ ခွင့်ပြုရန်ပုံငွေကနေ အသုံးပြုမည်ဟု သိရသည်။