မဲရှုံးပါတီများက စစ်ကောင်စီမှ ကျင်းပပေးမည်ဟုဆိုသည့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း ပူးတွဲ ထုတ်ပြန်

မဲရှုံးပါတီများက စစ်ကောင်စီမှ ကျင်းပပေးမည်ဟုဆိုသည့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း ပူးတွဲ ထုတ်ပြန်

 ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးခဲ့ကြသည့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေး ပါတီ (၂၇)ပါတီက အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၅ခုနှစ်အတွင်း ကျင်းပပေးရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး  ယုံကြည်လက်ခံကြောင်း ပူးတွဲ သဘောထားထုတ်ပြချက်ကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာကြသည်ကို တွေ့ရသည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာသည်ကို ထင်ထင်ပေါ်ပေါ် ပြောဆိုရဲခြင်းမရှိဘဲ စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးအတွက် တော်လှန်နေကြသည့် NUG အပါအဝင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို အပြစ်ဖို့ပြောဆိုထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပပေးမည်ဟုဆိုသည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍  ပြည်သူများကိုယ်စား အပြည့်အဝ ထောက်ခံကြိုဆိုသည်ဟု ထုတ်ပြန်ထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအပေါ် အရှုံးကြီး ရှုံးနိမ့်ခဲ့ကြသည့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင်  နိုင်ငံရေးပါတီများသည် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံကြသည့် နိုင်ငံရေးပါတီများ ဖြစ်သလို စစ်ကောင်စီက ကျင်းပပေးမည်ဟုဆိုသည် ရွေးကောက်ပွဲကိုလည်း မျှော်နေကြရှာသည်။