အာဏာသိမ်းပြီးနောက် KNLA အမှတ် (၅)ဘက်သို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ဖြင့် အလင်းဝင်လာသူ (၅၀)ဝန်းကျင်ရှိလာ

အာဏာသိမ်းပြီးနောက် KNLA အမှတ် (၅)ဘက်သို့ အာဏာသိမ်းစစ်တပ်မှ လက်နက်ဖြင့် အလင်းဝင်လာသူ (၅၀)ဝန်းကျင်ရှိလာ
ဒီဇင်ဘာ 28, 2021 | အခြားဒေသများ

အာဏာသိမ်းပြီးနောက်ပိုင်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်သို့ လက်နက်ဖြင့် အလင်းဝင်လာသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၅၀) နီးပါးရှိနေပြီဖြစ်ကြောင်း KNU မူတြော်သတင်းစဉ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဒီလိုအမြင်မှန်ရပြီး လက်နက်ချအလင်းဝင်လာသူ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဖက်ကတော့ လှိုက်လှဲပျူငှာစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက် အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့နဲ့နေသွားရင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတတ်နိုင်ဆုံး စီစဉ်ပေးပါတယ်

ဟု KNLA အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောသည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ပြင်ပသတင်းများမရရှိအောင် ဖြတ်တောက်ထားသည်ဟု အလင်းဝင်လာသည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရှေ့တန်းမထွက်ခင်လေးမှ မိဘနဲ့အဆက်အသွယ်ယူဖို့ ဖုန်းတစ်လုံးဝယ်တယ်။ ပြည်တွင်းက ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေကို ခိုးဖတ်တယ်။ ရွာမှာရှိတဲ့သူငယ်ချင်းတွေကလည်း တပ်ထဲကနေ ထွက်ပြေးဖို့ အကြံပြုတယ်။ တစ်ညမှာ ကျွန်တော်ကင်းစောင့်တာဝန်ကျတုန်း လက်နက်ခဲယမ်းအပြည့် သယ်ဆောင်ပြီး ထွက်ပြေးတယ်

ဟု အလင်းဝင်လာသည့် ခမရ ၇၃ လက်အောက်မှ တပ်ဖွဲ့ဝင်တစ်ဦးက  ပြောသည်။

KNU မူတြော်ခရိုင်သို့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှစ၍ ယခု ဒီဇင်ဘာလ (၂၈) ရက်နေ့အထိ အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်အပြည့်အစုံဖြင့် ဝင်လာသည့်တပ်ဖွဲ့ဝင် (၄၇) ဦးရှိပြီဖြစ်ကြောင်း သိရသည်။