CDM သူနာပြု တစ်ဦးအား  ရိုက်နှက် နှိပ်စက်သည့် ကျောက်ဆည် PDF မှ တာဝန်ရှိသူများကို အရေးယူပေးရန် NUG ထံ တိုင်ကြား 

CDM သူနာပြု တစ်ဦးအား  ရိုက်နှက် နှိပ်စက်သည့် ကျောက်ဆည် PDF မှ တာဝန်ရှိသူများကို အရေးယူပေးရန် NUG ထံ တိုင်ကြား 

CDM သူနာပြုဆရာမတစ်ဦးအား ရိုက်နှက်နှိပ်စက်ခဲ့သည့် ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ တာဝန်ရှိသူများအား အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်ဟု Shield အမျိုးသမီးအဖွဲ့ထံမှ သိရသည်။

ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)ထံ တာဝန်ကျသည့် CDM သူနာပြုဆရာမ ရဲဘော် ယဉ်မွန်အောင်သည် တပ်ရင်းမှနုတ်ထွက်စာတင်သည့်ကိစ္စဖြင့် ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ခြောက်ပေါက်အတွင်း (၃)ရက်ကြာ ဒဏ်ပေးခံရခြင်းများ ပြုလုပ်ခံခဲ့ရသဖြင့်  ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် NUG ထံ အိတ်ဖွင့်ပေးစာ ပို့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အိတ်ဖွင့်ပေးစာကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးသူငယ်နှင့် အမျိုးသမီးဝန်ကြီးဌာန၊ Ministry of Justic စသည်ဖြင့် NUG လက်အောက်ရှိ အကြုံးဝင်သော ဝန်ကြီးဌာနများအားလုံးကို လိပ်မူ၍ အကြောင်းကြားထားသည်ဟု ဆိုသည်။  

“MoD က ကျွန်မတို့ကို စာပြန်ပါတယ်။ သူတို့ဘက်က လက်ခံရရှိတဲ့အကြောင်းနဲ့ ဒီအမှုကိစ္စအတွက် စစ်ရေးဘက်ကို ဆက်လက်လုပ်ဆောင်ဖို့ လွှဲပြောင်းပေးထားပါတယ်လို့ ကျွန်မတို့ကို စာပြန်ပါတယ်။ ကျွန်မတို့ကိုတော့ မီတင်ချိန်းဆိုတာမျိုးတော့ မရှိသေးပါဘူး။”ဟု Shield အမျိုးသမီးအဖွဲ့မှ ဒုတိယဥက္ကဌ ဒေါ်မိုးသဲစေက Tachileik News Agency ကို  မတ်လ(၂၇)ရက်နေ့တွင် ပြောသည်။

CDM ဆရာမ ရဲဘော်ယဉ်မွန်အောင်သည် ယခင်က မိုးမိတ်ပြည်သူ့ဆေးရုံမှဖြစ်ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ CDM ပြုလုပ်၍ အမှတ်(၁)စစ်ဒေသ အမှတ်(၅၁၅)တပ်ရင်းတွင် ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါတပ်ရင်းမှတဆင့် ကျောက်ဆည်ခရိုင် တပ်ရင်း(၃)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရကာ တပ်ရင်းမှ နှုတ်ထွက်၍ မိသားစုနှင့်အတူနေထိုင်ပြီး တော်လှန်ရေးလုပ်လိုကြောင်း တပ်ရင်းမှူးထံ နုတ်ထွက်စာ(၃)ကြိမ် တင်ပြခဲ့သည်ဟု ဆိုသည်။

တပ်ရင်းမှူးသည် နှုတ်ထွက်စာအပေါ် အကြောင်းပြန်ခြင်းမရှိ၍ CDM ဆရာမသည် စစ်ရေးချုပ်ထံ တိုက်ရိုက်စာတင်ပြခဲ့ပြီးနောက် ဝန်ကြီးဌာန၏ နှုတ်မိန့်ဟု တပ်ရင်းမှူးက ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ထို့နောက် အတင်းအကြပ် ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းများလုပ်ဆောင်ခဲ့ပြီး တပ်ရေးဗိုလ်ဈာန်က ဦးဆောင်၍ အကြမ်းဖက်ဆွဲထုတ်ကာ (၃)ချက်ရိုက်နှက်ပြီး ပြည်သူ့စစ်သားဟု အော်ခိုင်းခဲ့သည်ဟု သိရသည်။

“ဆရာမက သူ့မှာအပြစ်မရှိလို့ သူမအော်နိုင်ဘူးလို့ငြင်းတော့ အတင်းအကြပ်အော်ခိုင်းခဲ့တယ်။ အဲဒါဆို သတိစွဲပြီးတော့ အပြစ်ပေးထားလိုက်ဆိုပြီးတော့ သူ့ကို နာရီတော်တော်ကြာ (၃)နာရီနီးပါးလောက် ရပ်ခိုင်းခဲ့တယ်။ သူခြေထောက်မခိုင်တော့လို့ လဲကျတော့မှ ခြောက်ပေါက်ထဲထည့်လိုက်တယ်။”ဟု ဒေါ်မိုးသဲစေက ဆက်ပြောသည်။

အဆိုပါ ရိုက်နှက်ခြင်းကြောင့် CDM ဆရာမ၏ ပေါင်တွင် ညိုမဲစွဲဒဏ်ရာများရရှိခဲ့သည့်အပြင် အခြားပြစ်ဒဏ်ကျ အမျိုးသား ရဲဘော်တစ်ဦးနှင့်အတူ ခြောက်ပေါက်တုံးတွင် (၃)ညကြာ အပြစ်ပေးခံခဲ့ရသည်ဟုလည်း ဆိုသည်။   

CDM ဆရာမတွင် မည်သည့်ပြစ်ချက်မှမရှိဘဲ နှုတ်ထွက်စာတင်သည့် ကိစ္စတွင် စစ်ရုံးချုပ်ထံ တင်ပြလိုက်၍ ယခုကဲ့သို့ ရိုက်နှက်ခံရခြင်းဖြစ်နိုင်ပြီး လက်ရှိတွင် CDM ဆရာမကို လုံခြုံစိတ်ချရသည့်နေရာတွင် ကူညီကယ်ဆယ်ထားပြီဟုလည်း သိရသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ Shield အမျိုးသမီးအဖွဲ့က ကျောက်ဆည်ခရိုင်တပ်ရင်း(၃) တပ်ရင်းမှူးထံ ဆက်သွယ်မေးမြန်းရာ ၎င်းတစ်ဦးတည်းအနေဖြင့် ဖြေဆိုရန်ငြင်းဆိုသွားပြီး MoD ဘက်က တရားခေါ်ယူမှသာ လူကြီးများရှေ့ မျက်နှာစုံညီတွင်သာ ဖြေဆိုမည်ဟု ပြန်လည်ပြောဆိုသည်ဟု ဆိုသည်။

“သူတစ်ဦးတည်းကို မေးတော့ ဘာကြောင့်ရယ်လို့ ပြန်လည်ဖြေရှင်းချက်ကို မပေးပါဘူး။”ဟု ဒေါ်မိုးသဲစေက ဆက်ပြောသည်။

Shield အမျိုးသမီးအဖွဲ့ကမူ CDM ဆရာမ ရဲဘော်ယဉ်မွန်အောင်အတွက် အချက်(၃)ချက်ကို တောင်းဆို၍ MoD ထံ အိတ်ဖွင့်စာပေးပို့ထားသည်။

အဆိုပါအချက်များမှာ နစ်နာသူအား လုံခြုံသောနေရာတွင် ယာယီခိုလှုံခွင့်နှင့် လူမှုရေးအထောက်အပံ့များပေးရန်၊ ဖြစ်စဉ်တွင် ပါဝင်ပါတ်သက်သူများကို စုံစမ်းစစ်ဆေး၍ ဥပဒေအရ အရေးယူပေးရန်၊ လိုအပ်ပါက ဆေးကုသမှုနှင့် စိတ်ကျန်းမာရေးဝန်ဆောင်မှုများ ချိတ်ဆက်ပေးရန် တောင်းဆိုထားသည်။ 

“ဒီအမျိုးသမီးက CDM လည်း လုပ်ထားသေးတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ပြီးတော့မှ ရဲဘော်အဖြစ်လည်း တာဝန်လည်းထမ်းဆောင်သေးတယ်။ ဒီလိုမျိုးတာဝန်ကျေတဲ့ အမျိုးသမီးတစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ၊ အင်အားစုတွေက အနိုင်ကျင့်မယ်ဆိုရင်တော့ ကျွန်မတို့က လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒီကိစ္စကို NUG အစိုးရကနေပြီးတော့ စုံစမ်းဖော်ထုတ်ပေးပါ။ တရားမျှတမှုရအောင် ဆက်လက်လုပ် ဆောင်သွားမှာပါ။”ဟု ဒေါ်မိုးသဲစေက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ ကျောက်ဆည်ခရိုင် တပ်ရင်း(၃)နှင့် ကာကွယ်ရေးဝန်ကြီးဌာနဘက်သို့ Tachileik News Agency က ဆက်သွယ်မေးမြန်းနေရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

#TachileikNewsAgency