ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း လူ (၁၂) ဦး သေဆုံးနိုင်ပြီး (၄)ဦး အတည်ပြုထား 

ငလျင်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း လူ (၁၂) ဦး သေဆုံးနိုင်ပြီး (၄)ဦး အတည်ပြုထား 

အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်မှ အဆောင်များ ပြိုကျမှုကြောင့် သေဆုံးသူ (၁၂)ဦးရှိနေနိုင်ပြီး (၄)ဦးကို အတည်ပြုထားနိုင်ကာ စစ်ကောင်စီဘက်က သတင်းဖုံးကွယ်ထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်တွင်းရှိ အမျိုးသားဆောင် အလုပ်ရုံနှင့် အမျိုးသမီး အဆောင်(၁)နှင့် အ‌ဆောင်(၂)တို့ ပြိုကျခြင်း ဖြစ်ကြောင်း သိရသည်။

“သေဆုံးသူ (၁၂)ဦးလောက်အထိရှိတယ်လို့ သိရှိထားရတယ်။ ဒါပေမယ့် (၄)ဦးကိုတော့ အတည်ပြုနိုင်တယ်။ ကျန်တဲ့ (၈)ဦးကိုတော့ ဆက်ပြီးတော့ မှန်ကန်မှု ရှိ၊ မရှိနဲ့ သေဆုံးခဲ့မှု ရှိ၊ မရှိကိုတော့ အတည်ပြုနေဆဲပါ။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီက ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်း မရှိဘဲ သတင်းအမှောင်ချထားသည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဘက်က အတိကျဆုံး သတင်းထုတ်ပြန်နိုင်ရန်မှာ အခက်အခဲဖြစ်နေသော်လည်း ၎င်းတို့ ရရှိထားသည့် အရေအတွက်မှာ အနည်းဆုံး အရေအတွက် ဖြစ်သည်ဟု ဆိုသည်။

“လက်ရှိအခြေအနေထိတော့ အချက်အလက် တိတိကျကျနဲ့ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူး။ အဆောင်တစ်ခုနဲ့ တစ်ခုကြားမှာတောင် သတင်းအမှောင် ချထားတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ ထုတ်ပြန်ပြောဆိုတာက အနည်းဆုံး အရေအတွက်ပဲဖြစ်တယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ၂၀၂၅ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပြောသည်။

အိုးဘိုအကျဉ်းထောင်အတွင်း အကျဉ်းသားများကို စုပြုံထားခြင်း၊ အဆောင်များ၏ သက်တမ်း ကြာမြင့်ခြင်းတို့ကြောင့် သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရရှိသူမှာ ယခုထုတ်ပြန်သည်ထက် ပိုများနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ငလျင်ကြောင့် သေဆုံးသူစာရင်းထဲတွင် အဆိုပါ အကျဉ်းထောင်တွင်း သေဆုံးသူစာရင်းကို ထည့်သွင်း ဖော်ပြခြင်း ရှိ၊ မရှိကိုမူ မသိရပါ။

PPNM ၏ထုတ်ပြန်ချက်တွင် အကျဉ်းထောင်တွင်း သေဆုံးသူများသည် အကျဉ်းသားနှင့် ဝန်ထမ်းဟူ၍ ခွဲခြားသိ ရှိနိုင်ခြင်း မရှိသေးဘဲ ထပ်မံအတည်ပြုနေဆဲဖြစ်ပြီး  သေဆုံးခဲ့သူ(၈)ဦး၏ အချက်အလက်များကိုလည်း စုံစမ်းနေသည်ဟု သိရသည်။

#TachileikNewsAgency