ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံမှ သိရသည်။
ပေါင်းတည်မြို့နယ် သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းမှ နတ္တလင်းမြို့နယ်ဘက်သို့ ဦးတည်ထွက်လာသည့် အင်အား (၄၀)ပါသည့် စစ်ကောင်စီစစ်ကြောင်းအား လှေကထောင်တဲတိုက်နားအရောက် ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်တွင် PPDF-၃၆၀၁ တပ်ရင်း တပ်ခွဲ (၂)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး နေရာတွင် သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ၊ သေဆုံးနှင့် ဒဏ်ရာရရှိသူအား အနီးအနားရှိ ပြည်သူတချို့နှင့် လှည်းကို အတင်းခေါ်၍ နတ္တလင်းမြို့နယ် ကွင်းကြယ်ရွာ စစ်ကောင်စီအထိုင်စခန်းသို့ သယ်ဆောင်သွားခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်မျိုးစုံတို့ဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လက်နက်အင်အားခြင်းမမျှ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်သည်။
#TachileikNewsAgency
Photo: ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့