ကျောက်တံခါးမြို့တွင်းရှိ စစ်ကောင်စီကင်းစခန်းများအား PDF/KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်

ကျောက်တံခါးမြို့တွင်းရှိ စစ်ကောင်စီကင်းစခန်းများအား PDF/KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများအား PDF/KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသမှ ၂၀၂၄ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်တံခါးမြို့ ဈေးပိုင်းရပ်ကွက် ၁ လမ်းရှိ စစ်ကောင်စီ ဂိတ်ကင်းစခန်းနှင့် ဈေးပိုင်းရပ်ကွက် ၂ လမ်းထိပ်ရှိ စစ်ကောင်စီတပ်စွဲထားသော ရွှေဘုန်းတိုးဂိတ်စခန်းအား PDF/KNLA ပူးပေါင်းတပ်များက ဇွန်လ (၂၅) ရက်နေ့ မနက် (၁)နာရီခွဲခန့်တွင် အချိန်ကိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးခန့် သေဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၃၇၀၂ မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

ထို့နောက် မနက် (၂)နာရီခွဲခန့်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူနှင့် စစ်ကောင်စီတပ်သား ခန့်မှန်းအင်အား (၁၀၀)ဝန်းကျင်ခန့်ပါသော ကား (၅)စီးဖြင့် စစ်ကူလာရောက်ခဲ့‌သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပိန်းဇလုပ် ခလရ (၂၆၄)တပ်မှ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူထိခိုက်မှု မရှိသော်လည်း ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်ဆီးမှု ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၂ နှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency