ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲရာ ကလေး ၈ ဦးအပါ ၁၀ ဦးသေဆုံး

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲရာ ကလေး ၈ ဦးအပါ ၁၀ ဦးသေဆုံး
စက်တင်ဘာ 6, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက် စစ်ရှောင်စခန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ ည(၁၀)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် ကလေး(၈)ဦးနှင့် အမျိုးသမီး(၂)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီသည် လေယာဥ်ဖြင့် ပေါင် (၅၀၀) ဗုံး (၂)လုံးကြဲချရာ ဘန်ကောက်စစ်ရှောင်စခန်း တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အသက် (၂)နှစ် ဝန်းကျင်ခန့် ယောက်ျားလေး (၁)ဦး၊ အသက် (၁၀)နှစ် ဝန်းကျင်ခန့် ယောက်ျားလေး (၂)ဦး၊ အသက် (၁၀)နှစ် ဝန်းကျင်ခန့် မိန်းကလေး (၂)ဦး၊အသက် (၁၃)နှစ် ဝန်းကျင်ခန့် မိန်းကလေး (၃)ဦး၊ အသက် (၅၀)ဝန်းကျင်ခန့် အမျိုးသမီး(၁)ဦး၊အသက် (၄၀)ဝန်းကျင်ခန့် အမျိုးသမီး (၁)ဦး စုစုပေါင်းသေဆုံးသူ (၁၀)ဦးရှိကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒါဏ်ရာရသူ (၁၄)ဦးထက်မနည်းရှိခဲ့ပြီး ပျောက်ဆုံးနေသူ စာရင်းများရှိနေသည်ဟု Karenni Human Rights Group ကဖော်ပြထားသည်။

#TachileikNewsAgency

Photo: Karenni Human Rights Group