လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အလွဲသုံးစားပြုလုပ်မှုမှန်သမျှကို လက်မခံဟု UN ပြော

လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အလွဲသုံးစားပြုလုပ်မှုမှန်သမျှကို လက်မခံဟု UN ပြော

လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု United Nation Myanmar က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန် အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅)ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်စဉ် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က လှူဒါန်းထားသည့် ရိက္ခာအိတ်များအား စခန်းတွင်းမှတွေ့ရှိခြင်းအပေါ် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ချက်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦးတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရသည်ဟု ဆိုသည်။ 

 

လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန် ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးဟုလည်း ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့သည်။

ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက်ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေး အထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေသည်ဟု ဖော်ပြသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က ထပ်လောင်း တောင်းဆိုပြီး ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကိုလေးစားပြီး ကာကွယ်စောင့်‌ရှောက်ရမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာနေပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု ဆိုထားသည်။  

၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒသမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo: WFP တံဆိပ်ပါသော ဆန်အိတ်များကို စစ်ကောင်စီတပ်က နခခ ၅ တွင်း ကာဗာအဖြစ် အသုံးပြုထားသည့် ပုံ (Arakan Bay News)