လားရှိုးမြို့ရှိ ဒုတိုင်းမှူးအိမ် လက်နက်ကြီးထိမှန်ကာ ၂ ဦးသေဆုံးဟု သတင်းထွက်နေ

လားရှိုးမြို့ရှိ ဒုတိုင်းမှူးအိမ် လက်နက်ကြီးထိမှန်ကာ ၂ ဦးသေဆုံးဟု သတင်းထွက်နေ
ဇူလိုင် 4, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း နေအိမ်ကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျကာ (၂)ဦးသေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ ကနဦးသတင်း သိရသည်။

“ဒုတိုင်းမူးအိမ် ထိတယ်။ နှစ်ယောက်သေတယ်။ သတင်းကိုတော့ ဝှက်ထားတယ်။ သူ့အိမ်က ရပ်ကွက်(၁၀)ဘက်မှာ”ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

သေဆုံးသူများမှာ မည်သူ၊ မည်ဝါဖြစ်သည်ကိုမူ Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။ 

ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းသည် နှစ်စပိုင်းက လောက်ကိုင်မြို့နယ်တွင် MNDAAထံ လက်နက်ချ အညံ့ခံလိုက်သော လောက်ကိုင်ဒကစမှ ဗိုလ်မှူးချုပ်(၆)ဦးအား ဖမ်းဆီးစစ်ဆေးရာတွင် စစ်ခုံရုံးဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

MNDAA ထံတွင် လက်နက်ချအညံ့ခံသူများမှာ လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ(၅၅) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ စကခ (၁၆)တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ(၁၂) စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ(၁၄) စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ဖြစ်သည်။

လားရှိုးမြို့အနီးဝန်းကျင်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး လက်နက်ကြီးကျည်များသည် လားရှိုးမြို့ပေါ် ရပ်ကွက်များ အတွင်းသို့ ကျရောက်ပြီး ဒေသခံ(၁၀)ဦးထက်မနည်းသေဆုံးခဲ့ရကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

#TachileikNewsAgency