ဒီမိုကရေစီအစိုးရလက်ထက်တွင် ဒီမိုကရေစီအနှစ်သာရကို မခံစားရ၊ နိုင်ငံတော်အပေါ်ကျရောက်လာသည့် ဘေးအန္တရာယ်အရပ်ရပ်ကို ကာကွယ်ရန် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူဟု စစ်ခေါင်းဆောင်ပြောဆို

ဒီမိုကရေစီအစိုးရလက်ထက်တွင် ဒီမိုကရေစီအနှစ်သာရကို မခံစားရ၊ နိုင်ငံတော်အပေါ်ကျရောက်လာသည့် ဘေးအန္တရာယ်အရပ်ရပ်ကို ကာကွယ်ရန် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူဟု စစ်ခေါင်းဆောင်ပြောဆို

ဒီမိုကရေစီအစိုးရလက်ထက်တွင် ဒီမိုကရေစီအနှစ်သာရကို မခံစားခဲ့ရကြောင်း အာဏာသိမ်းပြီး တစ်တိုင်းပြည်လုံး စစ်မီးတောက်အောင်လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် ပြုလုပ်သည့် NCA ချုပ်ဆိုခြင်း (၉)နှစ်ပြည့်တွင် ပြောကြားသည်။

“ပြီးခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့ကာလများမှာ ပြည်သူလူထုအများစုဟာ ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုများနဲ့ အလှမ်းဝေးနေဆဲဖြစ်ခဲ့တာ တွေ့ရှိရပါတယ်။”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောသည်။

ဒီမိုကရေစီယဉ်ကျေးမှုဆိုသည်မှာ လူတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက်၏ လိုအင်ဆန္ဒများကို ပဋိပက္ခနှင့် အကြမ်းဖက်မှုများကနေ ရှောင်ရှားပြီး ငြိမ်းချမ်းသည့်နည်းဖြင့် ဖော်ဆောင်ခြင်းဖြစ်သည်ကို အမြဲနှလုံးသွင်း ဆောင်ရွက်ရမည်ဟု မြို့ရွာများကိုမီးရှို့နေသည့် စစ်ခေါင်းဆောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအစိုးရသက်တမ်းမှာ တိုင်းတစ်ပါးသားများအပေါ် ယုံကြည်ကိုးစားမှုလွန်ကဲခြင်းများကြောင့် တိုင်းပြည်ဘဏ္ဍာများဆုံးရှုံးခဲ့ရသလို မဖြစ်မနေထိန်းသိမ်းရမည့် ပြည်တွင်းရေး လျှို့ဝှက်ချက်များကို အလွယ်တကူပေါက်ကြားစေခဲ့သည်ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီက အမြဲစွပ်စွဲပြောဆိုကာ အာဏာသိမ်းထားသည့်အတိုင်း မဲမသာမှုကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ ရေရှည်အကျိုးကိုမျှော်ကိုးပြီး နိုင်ငံတော်အပေါ်ကျရောက်လာသည့် ဘေးအန္တရာယ်အရပ်ရပ်ကို ကာကွယ်ရန် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူသည်ဟုလည်း ပြောဆိုသည်။

“နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ အဆုံးသတ်မှာ စီးပွားရေးအကျပ်အတည်းဖြစ်စေမှုဆီ ဦးတည်လေ့ရှိတာကြောင့် ပြည်ပနယ်ချဲ့အင်အားကြီးနိုင်ငံတွေဟာ ကြိုတင်ဖန်တီးပြီး သူတို့အကျိုးကို ဖန်တီးနေကြခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူသားအရင်းအမြစ်တွေ ပိုင်ဆိုင်လာအောင် ကြိုးစားနိုင်မှသာ ကိုယ့်နိုင်ငံ ကိုယ်သယံဇာတတွေနဲ့ ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မှာဖြစ်တယ်။”ဟု စစ်ခေါင်းဆောင် က ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းနေပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကာ သက်ဆိုင်ရာ EAO များလည်း ပူးပေါင်းပါဝင်ပေးကြရန် စစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားသည်။ 

ထို့အပြင် စစ်ခေါင်းဆောင်က"အကြမ်းဖက်သောင်းကြမ်းသူများရဲ့ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေခြင်းသာဖြစ်ပါတယ်။ သူတို့အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ထက် တစ်သီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြတာကို တွေ့ရှိရပါတယ်။”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်သည် ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းသာဖြစ်သည်ဟု ဆိုကာ ၎င်းအာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာအရပ်ရပ်ကို ဖုံးဖိပြောဆိုသွားသည်။

#TachileikNewsAgency

Photo:စစ်ခေါင်းဆောင် မင်းအောင်လှိုင် NCA ချုပ်ဆိုခြင်း (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောစဥ်