မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး စစ်ကောင်စီရုံးများအား မီးရှို့ရှင်းလင်း

မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး စစ်ကောင်စီရုံးများအား မီးရှို့ရှင်းလင်း

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး စစ်ကောင်စီရုံးများအား မီးရှို့ရှင်းလင်းခဲ့ကြောင်း M.V.P Revolution Force အဖွဲ့ထံမှ သိရသည်။

မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့ မနက် (၇)နာရီ ဝန်းကျင်တွင် တော်လှန်ရေးတပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ (၁)နာရီကျော်ခန့် ကြာမြင့်ခဲ့ကာ တချိန်တည်းတွင် စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံး ၊ ဥပဒေရုံးနှင့် ကြံခိုင်ရေးရုံးများအား မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း မြိုင်မြို့အရှေ့ဘက်ရှိ စစ်ကောင်စီတပ်သားများ နေထိုင်သည့် ဘန်ကာအနီးရှိ နှစ်ထပ်တိုက်အား တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ဘန်ကာအနီးသို့ ရောက်ရှိချိန်တွင် ဘန်ကာဖြိုရန်  လက်နက်ကြီးများ အားနည်း၍ ပြန်လည်ဆုတ်ခွာခဲ့ရကာ ၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေကြောင်း M.V.P Revolution Force အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား M.V.P Revolution Force၊ မြိုင် ပ.က.ဖ ၊မုံရွာခရိုင် တပ်ရင်း (၂၇) တပ်ခွဲ (၃) သိန်းငှက်၊ အညာမြေတပ်ပေါင်းစု ၊ ဆင်ရိုင်းရာဇာ ၊ God of Myaing တပ်ရင်း (၁၆) ခွဲ (၃)၊ Anya Myay Guerilla Force Myaing၊ Corba People Defense Force၊ ကိုမုဆိုးအဖွဲ့၊ PKU Underground Force၊တမာမြေပြောက်ကျားတပ်ဖွဲ့ - မြိုင် ၊ ဓားမင်းကြီး ဂဋ္ဌုန်တပ်ရင်း (၁) တပ်ခွဲ (၂) နှင့် မြိုင်နယ် Droneအဖွဲ့များ အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:M.V.P Revolution Force