ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ထံ ရောင်းစားပြီး တစ်လအကြာမှ မိသားစုနှင့် အဆက်အသွယ်ရသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်မှုထမ်းစာရင်းတွင် မပါဝင်သည့် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လွန်ခဲ့သည့် (၃)လဝန်းကျင်က မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီတပ်ထံ ရောင်းစားလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“အမှိုက်ကောက်တဲ့ မိသားစုက ကလေးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက ရောင်းစားလိုက်တာ။ သူတို့နေတာက အုပ်ချုပ်ရေးမှူး အိမ်ခြေရင်းမှာနေတာ။ အစက သူ့မိဘတွေက စစ်မှုထမ်းစာရင်းထဲပါတယ်ထင်ပြီးတော့ နေတာပေါ့။ နောက်တော့ သူ့သားက တပ်ထဲရောက်နေတယ်လို့ ပြောလို့ သွားတွေ့တော့ အဲဒီက ဗိုလ်မှူးကပြောတယ် (၃၅) သိန်းနဲ့ ရောင်းစားသွားတာလို့ ပြောတယ်။”ဟု စစ်တပ်သို့ ရောင်းစားခံရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းကာ စစ်မှုထမ်းစုဆောင်းသည့်အချိန်မှစ၍ လူပျောက်မှုများ၊ ဖမ်းဆီးငွေညှစ်ခံရမှုများကို မကြာခဏ ဖြစ်ပွားလာသည်ကို တွေ့ရသည်။
“သူ့သားက မှော်ဘီမှာရှိနေတယ်။ တပ်ထဲမဝင်ခင် အမေ့ကို ကန်တော့ချင်တယ်ဆိုပြီးပြောလို့ သွားတွေ့ကြမှ ရောင်းစားခံရမှန်း သိရတာ။ ထုတ်လာလို့မရတော့ဘူး။”ဟု စစ်တပ်သို့ ရောင်းစားခံရသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များသည် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ရပ်ကွက်အတွင်းမှ လူငယ်များအား စစ်မှုထမ်းရန် မပေးနိုင်သဖြင့် လူငယ်များအား ဖမ်းဆီးလာသူများအား ငွေပေးလူဝယ်၍ စစ်မှုထမ်းရန် ပြန်လည်ရောင်းစားခြင်းများရှိနေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများက ဆိုသည်။
စစ်ကောင်စီသည် တပ်အင်အားပြုန်းတီးမှုအား ဖြည့်တင်းရန် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ဥပဒေထုတ်ပြီးနောက် အပတ်စဉ်တစ်ခုလျှင် လူဦးရေ(၄၅၀၀)နှုန်းဖြင့် လူသစ်စုဆောင်းကာ ရှေ့တန်းသို့ ပို့နေသည့်အတွက် လူထုကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြရသည်။
ပြည်သူများ၊ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းများ မခံရစေရန်အတွက် အထူးသတိပြုနေထိုင်ကြရန်နှင့် စုဆောင်းခံပြီး ရှေ့တန်းစစ်မျက်နာပြင်သို့ပို့ခံရပါက နီးစပ်ရာတော်လှန်ရေးတပ်ဖွဲများထံချိတ်ဆက်၍ ဘက်ပြောင်းခိုလှုံကြရန်လည်း တော်လှန်ရေးတပ်များက အသိပေးထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး အမည်၊ ရပ်ကွက်နှင့် စစ်ကောင်စီတပ်ရင်းအမည်များကို မိသားစုဝင်များ၏ လုံခြုံရေးအခြေအနေကြောင့် Tachileik News Agency က မဖော်ပြခြင်းဖြစ်ပါသည်။
#TachileikNewsAgency
Photo:Internet(ပုံဟောင်း)