သံတွဲမြို့အနီး နန်းချောင်းတွင် တိုက်ပွဲဆက်ဖြစ်ပြီး လက်နက်ကြီးကျည်များ ရပ်ကွက်အတွင်းကျ

သံတွဲမြို့အနီး နန်းချောင်းတွင် တိုက်ပွဲဆက်ဖြစ်ပြီး လက်နက်ကြီးကျည်များ ရပ်ကွက်အတွင်းကျ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အနီးရှိ နန်းချောင်းရပ်ကွက်အနီးအထိ တိုက်ပွဲများဖြစ်ပွားလာပြီး ၂၀၂၄ခုနှစ် ဇူလိုင်လ (၉)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များ အမှတ်(၇)ရပ်ကွက် နန်းချောင်းအတွင်းသို့ကျကာ နေအိမ်တစ်လုံးပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ 

ငပလီကမ်းခြေနှင့် တစ်မိုင်ကျော်ဝေးသည့် နန်းချောင်းအနီးတောတောင်များတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ မောင်ရွှေလေးရေတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် (၅)လုံး နန်းချောင်းအတွင်းသို့ကျကာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးသည်ဟု သိရသည်။

“နန်းချောင်းနားက တောင်တွေမှာ နှစ်ဖက်ထိတွေမှုဖြစ်တာ။ မနေ့က အမှတ်(၇)ရပ်ကွက်ထဲကို လက်နက်ကြီး (၅)လုံးကျတယ်။ လူထိခိုက်မှုတော့မရှိဘူး။ နေအိမ်တစ်လုံးပျက်စီးတယ်။ လယ်ကွင်းတွေထဲကျတယ်။ ဒီနေ့တော့ ရေတပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့သည် နန်းချောင်းအနီးရှိ ကုလားတောင်ကွေ့၊ လမ်းသစ်၊ Happy Night KTV အနောက်ဖက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ငပလီရှိ ခလရ(၅၅)တပ်ကိုလည်း AAက ပိတ်ဆို့ထားသည်ဟု ဆိုသည်။

“လေကြောင်းကလည်း ဗုံးကြဲတယ်။ နေ့တိုင်းလိုလိုပဲ။ ခလရ(၅၅)ကို ဝိုင်းဝန်းပိတ်ဆို့ထားတာ။ မသိမ်းသေးပါဘူး ။ ရေတပ်ရှိတဲ့ ကွင်းဝိုင်း၊ မောင်ရွှေလေးဘက်လည်း တိုက်ပွဲက ဦးတည်နေတယ်။ ကမ်းခြေတလျောက်ကတော့ တိုက်ပွဲအပြင်းထန်ဆုံးပဲ။”ဟု ၎င်းကဆက်ပြောသည်။

ခလရ (၅၅)မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်များသည် ဂျိတ္တောရပ်ကွက်တွင် ခံစစ်ပြင်ဆင်နေသည့်အပြင် သံတွဲမြို့အဝင် စာနီတောင်ရှိ ၆၈ ဂိတ်တွင် စစ်ကောင်စီတပ်သားများ အစစ်ဆေးအဆေးပြုလုပ်ကာ မြို့တွင်းမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များ ရဟန်းန္တာ(၃)ပါး ရုပ်ကလာဘ်ရှိသည့် ဇလွန်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်ဟု သတင်းထွက်နေသည်။

“မနေ့ကလည်း ဂျိတ္တောဘက်သွားတဲ့ လင်းသာကမ်းခြေမှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေကျတယ်။ ဂျိတ္တောမှာ စစ်ကောင်စီတပ်စွဲနေတာ။ ခလရ ၅၅ အခြေအနေကတော့ မသိရဘူး။ မြို့တွင်းဘက်လည်း  လက်နက်ကြီးကျတာတော့ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်းကလည်း အမှတ်(၄)ရပ်ကွက် ညောင်ပင်လေးဈေးသို့ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျကာ နေအိမ်(၂)လုံးပျက်စီးပြီး ဒေသခံတစ်ဦးဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency