စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ပူးပေါင်းအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး  

စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ပူးပေါင်းအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး  

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ရှိ စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည့် စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး ပူးပေါင်းအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးကြောင်း တောင်ပိုင်းစစ်ဒေသမှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄)ဦး သေဆုံးခဲ့ပြီး (၁၄)ဦး ဒဏ်ရာရရှိကာ ပူးပေါင်းအဖွဲ့ဘက်က တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ၁၂၀ မမ စိန်ပြောင်း (၂)လက်၊ ၁၂၀ မမ ပြောင်းအထိုင် (၂)ခု၊ ၁၂၀ မမ ဒေါက် (၃)ခု၊ ၁၂၀ မမ ကျည် (၂၄) လုံး၊ ၆၀ မမ အထိုင် (၁)ခု၊ ၁၂၀ မမ ပြောင်းရှင်းတံ (၂)ချောင်း၊ ၆၀ မမကျည် (၃၆) လုံး၊ ပွိုင့် 5 (၁) လက်၊ ပွိုင့် 5 ပြောင်းအပို (၁)ချောင်း၊ ပွိုင့် 5 ကျည် (၁၀၀၀)တောင့်၊ MA 1 (၁၆) လက်၊ MA 3 (၃)လက်၊ MA 4 ပူးတွဲ (၁)လက်(ပျက်စီး)၊ ၆၀ မမ (ပြောင်းရှည်) (၁)ချောင်း(ပျက်စီး)၊ 5.56 ကျည် (၂၀၀၀) ခန့်၊ RPG (၁) လက်၊ နာတို(၇.၆၂)ကျည် (၁၅၀၀)တောင့်ခန့်၊ တိုက်မိုင်း နင်းမိုင်း (၁၀) ခု၊ စစ်သုံးမြေပုံ (၁)ခု၊ Jemmer (၄) ခုတို့ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာ စစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

လေးကေ့ကော်ရှိ စစ်ကောင်စီ တပ်အခိုင်အမာတပ်စွဲ၍ လက်နက်ကြီးဖြင့်ပစ်ခတ်လေ့ရှိသော စွယ်တော်ကုန်း (ခေါ်)အမြောက်ကုန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က (၄)လခန့် ဝန်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ