သုံးနှစ်ကျော်ကာလအတွင်း စစ်သားနှင့်ရဲ တစ်သောင်းခွဲခန့် CDM ပြုလုပ်ကြောင်း NUG ထုတ်ပြန်

သုံးနှစ်ကျော်ကာလအတွင်း စစ်သားနှင့်ရဲ တစ်သောင်းခွဲခန့် CDM ပြုလုပ်ကြောင်း NUG ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်သားနှင့်ရဲ တစ်သောင်းခွဲခန့် CDM ပြုလုပ် အလင်းဝင်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်တွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁)လအတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့ရင်ခွင်ကို ဆက်သွယ်ပြီး အလင်းဝင်ရောက် ခိုလှုံလာသူ ခြေလျှင်တပ်မှ (၃၀၂)ဦး ၊ ရေတပ်မှ (၁၁)ဦး၊ လေတပ်မှ (၁၁)ဦး၊ ရဲတပ်ဖွဲ့မှ (၁၃၃) ဦးနှင့် အကျဉ်းဦးစီးမှ ဝန်ထမ်း (၅)ဦး စုစုပေါင်း (၄၇၅)ဦး ရှိသည်ဟု ဆိုသည်။

ထိုကဲ့သို့ အလင်းဝင်ရောက်သူများထဲတွင် စစ်တပ်မှ ဒုဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်ခဲ့သလို ရဲတပ်ဖွဲ့ဘက်မှ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ပြီး ၎င်းတို့အနက်မှ (၁၉၁)ဦးသည် လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သွေးထွက်သံယိုမှု နည်းနိုင်သမျှ နည်းနည်းနဲ့ တော်လှန်ရေးအောင်မြင်ရေးကို ရှေုးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်။ ဒီကော်မတီအနေနဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေနဲ့ လမ်းခွဲပြီးတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စီစစ်လက်ခံ ကူညီပေးလျှက်ရှိပါတယ်။”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ယခုနှစ် (၁၁)လတာအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသူများတွင် စစ်ကောင်စီတပ်၏ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ (၃၃)ဦး ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်းပြီး (၃)နှစ်ကျော်ကာလအတွင်း စစ်သား (၃၇၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင် (၁၁,၀၀၀)ကျော် စုစုပေါင်း တစ်သောင်းခွဲ (၁၄,၇၀၀)ဦးခန့် ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ရောက်ခဲ့ပြီး အလင်းဝင်ရောက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)