ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံတစ်ဦးကိုပစ်သတ်ကာ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံတစ်ဦးကိုပစ်သတ်ကာ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
ဇူလိုင် 4, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်က ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့ပြီး အခြားဒေသခံတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PLNA)မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာရှိ အသုဘအိမ်တွင် အသုဘအိမ်စောင့်ပေးရာမှ နေအိမ်သို့ ပြန်လာသည့် ဒေသခံတစ်ဦးကို ဇူလိုင်လ (၃) ရက်နေ့ မနက် (၇)နာရီခန့်တွင် ကျေးရွာအတွင်းတပ်စွဲထားသည့် PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

PNO ပြည်သူ့စစ်မှ ဒေသခံတစ်ဦးအား ပစ်သတ်ပြီးနောက် ၎င်းနှင့်အတူ အဖော်ပါလာသည့် နောက်ထပ်ဒေသခံတစ်ဦးအား ရွာပြင်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ခေါ်ဆောင်သွားသည့် ဒေသခံနှင့်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်တောက်နေကာ ရွာသားများလိုက်လာပါက ထပ်မံပစ်သတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း PNLA မှဆိုသည်။ 

ပစ်သတ်ခံခဲ့ရသည့် ဒေသခံ၏ ရုပ်အလောင်းအား ဇူလိုင်လ (၃)ရက်နေ့ ညနေပိုင်းတွင် PNO ပြည်သူ့စစ်က ခြိမ်းခြောက်နေသည့်ကြားမှ ပြည်သူများမှ ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်များသည် လက်ရှိအချိန်အထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားပြီး ဒေသခံပြည်သူများအား ရွာပြင်သို့ထွက်ခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။

#TachileikNewsAgency

Photo: PNLA News & Information Department