မိုင်းရယ်ရှိ ရမခ ဌာနချုပ်အသစ်မှ မြို့ပြင်သို့ လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်

မိုင်းရယ်ရှိ ရမခ ဌာနချုပ်အသစ်မှ မြို့ပြင်သို့ လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်
စက်တင်ဘာ 10, 2024 | 2021 Military Coup| ရှမ်းမြောက်

အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာယီအရှေ့ မြောက်တိုင်းစစ်ဌာနချုပ် အခြေချရာ ရှမ်းမြောက် မိုင်းရယ်မြို့မှ မြို့ပြင်သို့ လက်နက်ကြီးဖြင့် (၁၀) လုံးထက် မနည်း ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ ရမခ ဌာနချုပ်အသစ်မှ လက်နက်ကြီးဖြင့်  နေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့ ည(၇)နာရီခွဲတွင် တစ်ကြိမ်၊ ည(၈)နာရီကျော်တွင် (၂)ကြိမ်ပစ်ခတ်ကြောင်း သိရသည်။

"မိုင်းရယ်ဘက်ကသာ တပ်ဘက်က တဖက်သတ် ပစ်တာပါဗျ။ မြို့ထဲကနေမြို့ပြင်ကို ပစ်နေတာ။ လောလောဆယ် ငြိမ်နေပါတယ်။ အခြေအနေအရ တိုက်ပွဲဖြစ်လာဖို့ များပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကာင်စီတပ်ဘက်က ရမ်းသမ်း ပစ်ခတ်သည့် လက်နက်ကြီးကျည်များ မည်သည့်နေရာကို ကျရောက်ပေါက်ကွဲသည်ကိုတော့ မသိရသေးပေ။

 

ကိုးကန့်(MNDAA)သိမ်းပိုက်လိုက်သည့် လားရှိုးမြို့ နှင့် မိုင်(၅၀)ဝန်းကျင်ဝေးသည့် မိုင်းရယ်မြို့တွင် စစ်ကောင်စီတပ်က ရမခ ယာယီဌာနချုပ်ပြုလုပ်ပြီး အင်အားဖြည့်တင်းနေသည်ဟုလည်း သိရသည်။

"SSPP တပ်တွေ မိုင်းရယ်ကနေ တပ်ဆုတ်ပြီး စစ်ကောင်စီတပ်တွေ အင်အားဖြည့်တာ ဟုတ်တယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၄)ရက်နေ့က မိုင်းရယ်မြို့မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်များသည် ကားအစီး(၂၀)နှင့်တပ်ဆုတ်သွားပြီးနောက် စစ်ကောင်စီတပ်က အင်အား ဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်လာမည့် အခြေအနေများကြောင့် မိုင်းရယ်မြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များကို ကျိုင်းတုံမြို့သို့ ပြောင်းရွေ့နေသည်ဟုလည်း ဒေသခံများ ၏ ပြောဆိုချက်အရ သိရသည်။