ကရင်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန်ကြရမည်ဟု KNUဥက္ကဌသစ်ပြော

ကရင်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန်ကြရမည်ဟု KNUဥက္ကဌသစ်ပြော
ဇူလိုင် 5, 2023 | 2021 Military Coup

ကရင်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန်ကြရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌသစ် ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်း ပြောဆိုလိုက်သည်။

ပဒိုစောကွယ်ထူးဝင်းသည် KNUဥက္ကဌသစ်အဖြစ် ရွေးချယ်ခံရပြီးနောက် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင်ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့ကို သဝဏ်လွှာပေးပို့၍ ယခုကဲ့သို့ ပထမဆုံးအကြိမ် ပြောကြားလိုက်ခြင်းဖြစ်သည်။

"ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးသမားများအနေဖြင့်  မိမိကိုယ်မိမိ ကရင်အမျိုးသားများအဖြစ် သိရှိနားလည်ထားကြပြီး ကရင့်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန်ကြရပါမည်။"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုခံတော်လှန်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်အနေဖြင့် ကရင့်အမျိုးသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးအပြင် ပြည်သူလူထု တစ်ရပ်လုံးအား ပိုမိုထိရောက်သည့် ခုခံကာကွယ်မှုများကို လုပ်ဆောင်နိုင်ရန် လိုသည်ဟုလည်းပြောသည်။

နိုင်ငံရေးရပ်တည်ချက်နှင့် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်အညီ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရမည်ဟု ပြောသည်။

ထို့အပြင် KNUနှင့် ကရင်အမျိုးသားများ အဓိကရည်မှန်းချက်သည် လူမျိုးတိုင်း၊ ပြည်နယ်တိုင်းနှင့် နိုင်ငံတစ်နိုင်ငံလုံးအတွက် အကျိုးရှိသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန်ဖြစ်ကာ ဖက်ဒရယ်စနစ်သည် ကရင်အမျိုးသားတစုတဖွဲ့တည်းနှင့် လူမျိုးတစ်မျိုးတည်းမတွက် မဟုတ်ဟုလည်း ဆိုသည်။

လက်ရှိနိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာအခြေအနေများသည် မိမိတို့နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့်အခြေအနေများနှင့် လုံးဝမတူဘဲ တမူထူးခြားနေသည်ဟုလည်း ပြောသည်။

#TachileikNewsAgency