မောင်တော တောင်ပြိုနယ်ခြားစောင့်စခန်းများ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ဘင်္ဂလီလက်နက်ကိုင်များနှင့်အတူခုခံ၊ နယ်ခြားစောင့်တပ်က ဘင်္ဂလီလက်နက်ကိုင်များထံ လက်နက်ရောင်းချဟု AA ထုတ်ပြန်

မောင်တော တောင်ပြိုနယ်ခြားစောင့်စခန်းများ သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ဘင်္ဂလီလက်နက်ကိုင်များနှင့်အတူခုခံ၊ နယ်ခြားစောင့်တပ်က ဘင်္ဂလီလက်နက်ကိုင်များထံ လက်နက်ရောင်းချဟု AA ထုတ်ပြန်
ဖေဖော်ဝါရီ 8, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့ရှိ စစ်ကောင်စီတပ်၏ တောင်ပြိုနယ်ခြားစောင့်စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်စဉ် ဘင်္ဂလီလက်နက်ကိုင်နှစ်ဖွဲ့နှင့်အတူ စစ်ကောင်စီတပ်များက ခုခံတိုက်ခိုက်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။

အဆိုပါစခန်းများကျပြီးနောက် ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ဆက်တိုက်လိုက်လံရှင်းလင်း၍ စခန်းရှင်းလင်းရေးလုပ်နေစဉ် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသည့် ARAနှင့် RSO တပ်ဖွဲ့ဝင်များနှင့် ကြိုတင်ပူးပေါင်းထားသည့် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက တောင်ပြို(လက်ဝဲ/လက်ယာ)စခန်းများအတွင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အလောင်းများ၊ ARAနှင့် RSO တပ်ဖွဲ့ဝင်များ၏ အလောင်းအချို့အပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တောင်ပြို (လက်ယာ)စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းနှစ်ခုလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA)နှင့် (RSO) တပ်ဖွဲ့ဝင်များသည် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ခဲ့ကာ နားလည်မှု ရယူထားခဲ့သည်ဟု သိရသည်။

ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ်စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ(Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARAအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထံမှ သိရကြောင်း AAက ထုတ်ပြန်ထားသည်။

ထို့အပြင် နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA(Arakan Rohingya Army)အဖွဲ့အစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများနှင့်အတူ နားလည်မှုရှိရှိဖြင့် နေခဲ့ကြသည်ဟု စစ်သုံ့ပန်းများက ပြောဆိုသည်ဟု သိရသည်။

သိမ်းဆည်းရရှိသည့် ARAတပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် AA သိမ်းပိုက်နေစဉ်စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက်များ၊ WY မူးယစ်ဆေးဝါး (၆၉)ထုပ်နှင့် ရေခဲ (၂၈)ထုပ်တို့ကိုလည်း ARAစခန်းအတွင်းမှ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ARAတပ်စခန်းသည် နတ်မြစ်ကမ်းစပ်တွင် အင်္ဂတေ၊ အုတ်များဖြင့် တည်ဆောက်ထားသော အခိုင်အမာစခန်းတစ်ခုဖြစ်ပြီး အင်္ဂတေလူသွားလမ်းများဖြင့် တောင်ပြို (လက်ဝဲ)နှင့် ချိတ်ဆက်ထားပြီး တောင်ပြို (လက်ဝဲ)စခန်းနှင့် ARA၏ အဓိကစခန်းသည် အဖြောင့်တိုင်းလျှင် မီတာ တစ်ထောင်ကျော်သာ ဝေးသည်ဟု ဆိုသည်။

ARA အဓိကစခန်း၏ တစ်ဖက်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB(Border Guard Bangladesh) တပ်စခန်းတစ်ခုလည်း ရှိနေသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) စခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ညနေတွင် တောင်ပြို (လက်ယာ)စခန်းအား သိမ်းပိုက်ခဲ့ကာ တောင်ပြို(လက်ဝဲ) စခန်းကို ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တောင်ပြို(လက်ဝဲ/လက်ယာ) ဗျူဟာစခန်းနှစ်ခုစလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အင်အား (၂၀၀)ကျော်သည် ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိ နယ်ခြားမြစ် နတ်မြစ်ကို ကျော်ဖြတ်ပြီး မောင်တောဖက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။

#TachileikNewsAgency

Photo: AA Info Desk