ကော့ကရိတ်နှင့် ကျုံဒိုးမြို့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲသဖြင့် သံဃာတော်နှင့် အရပ်သားထိခိုက်သေဆုံး

ကော့ကရိတ်နှင့် ကျုံဒိုးမြို့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲသဖြင့် သံဃာတော်နှင့် အရပ်သားထိခိုက်သေဆုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးသူရှိကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် (၃)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီလေတပ်၏ နေပြည်တော်လေတပ်မှ တက်လာသော Yak-130 Jet fighter (၂)စင်းမှ ပေါင် (၅၀၀)ဗုံး (၄) လုံးအား ကြဲချခဲ့ခြင်းကြောင့် ဖန်းခါးကုန်းကျေးရွာနှင့် နန်းရွှေမှုံကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တစ်ချို့ ထိမှန်ပျက်စီးခဲ့ရကာ အရပ်သား ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖန်းခါးကုန်းကျေးရွာနေ ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ကျော်လုံဖဝ်ု (၄၀)နှစ်မှာ (ဦးခေါင်းထိမှန် မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး ၎င်း၏ ဇနီး မသိန်းထွန်း (၂၅)နှစ်မှာ ဦးခေါင်းခွံ ပေါက်ကွဲဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်ဟု သိရသည်။

ထို့အပြင် နောင်နိုင်းကျေးရွာနေ ဖော့လာစူး၏ နေအိမ်တစ်လုံး၊ ရှားထူးဝေါ် တို့၏ နေအိမ်တစ်လုံး အပါအဝင် ကျော်လုံဖဝ်ုနှင့် မသိန်းထွန်း ဇနီးမောင်နှံ၏ နေအိမ်တို့မှာလည်း ဗုံးကျည်ထိမှန် ပျက်စီးခဲ့ရသည်ဟု သိရသည်။

ကရင်ပြည်နယ် အာရှလမ်းဟောင်း၊ သင်္ဃန်းညီနောင်-ကော့ကရိတ်လမ်း၊ တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး လမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း PDF တပ်များအကြား ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားနေသည်။

ထို့အပြင် ကော့ကရိတ်မြို့အနီးရှိ စစ်ကောင်စီတပ်၏ ကော့နွဲ့စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု KNUက သတင်းထုတ်ပြန်ထားသည်။

ကျုံဒိုးမြို့နယ် မိကသစ်ကျေးရွာအုပ်စုအတွင်းသို့လည်း ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ နေပြည်တော်လေတပ်မှ တက်လာသော Jet fighterမှ ပေါင် (၅၀၀) ဗုံး (၂)လုံး ကြဲချခဲ့ရာ ဘဏ္ဍာဓနတောရဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် သက်တော် (၄၂)နှစ်၊ ဝါတော် (၂)ဝါရှိ သံဃာ ဦးဇင်းဦးသောမ ဗုံးစထိမှန်ကာ ပျံလွန်တော်မူခဲ့ရသည်။

#TachileikNewsAgency

Photo : KNU