မှဲ့တစ်ပေါက် မစွန်းစေရဟု BGF က အာမခံခေါ်၍ နေရပ်ပြန်လာသူများထဲက ပြည်သူတစ်ဦး အာဏာသိမ်းတပ်၏ လက်နက်ကြီး ထိမှန်သေဆုံး

မှဲ့တစ်ပေါက် မစွန်းစေရဟု BGF က အာမခံခေါ်၍ နေရပ်ပြန်လာသူများထဲက ပြည်သူတစ်ဦး အာဏာသိမ်းတပ်၏ လက်နက်ကြီး ထိမှန်သေဆုံး
ဇန်နဝါရီ 4, 2022 | အခြားဒေသများ

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်နယ် (၄) တပ်နယ်မှူး ‌ဗိုလ်မှူးစောမုတ်သုန်က မှဲ့တစ်ပေါက်မစွန်းစေရဟုဆိုကာ နေရပ်ပြန်ခေါ်ခဲ့သဖြင့် ‌ပြန်လာကြသည့် စစ်ရှောင်များအနက်မှ အမျိုးသမီး(၁)ဦးမှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရှောင်နေရာမှ နေရပ်ပြန်လာသည့် ဖလူးကြီးကျေးရွာမှ အသက် (၄၀)အရွယ် အမျိုးသမီးမှာ ဇန်နဝါရီလ (၃)ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်‌ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်သေဆုံးသွားခဲ့ပြီး ယနေ့ ဇန်နဝါရီလ (၄)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်တွင်လည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခြင်း‌ကြောင့် အမျိုးသား (၁)ဦး ထပ်မံဒဏ်ရာရသွားသည်ဟုလည်း သိရသည်။

အရပ်သားနေထိုင်ရာဒေသများကိုပါက်ကြီး ရမ်းသမ်းပစ်ခတ်၊ လေကြောင်းမှ တိုက်ခိုက်နေသည့် အာဏာသိမ်းအဖွဲ့က ကရင်ပြည်နယ် လေးကေ့ကော်ဒေသမှ ဒေသခံများ နေရပ်ပြန်လာကြရန် အာဏာသိမ်းအဖွဲ့လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များဖြင့် လိုက်လံဆော်ဩနေသည့်အပြင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ BGF များမှလည်း ပြန်ခေါ်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၅)ရက်မှစတင်ကာ ယနေ့ ၂၀၂၂ ဇန်နဝါရီလ(၄)ရက်အထိ  KNU တပ်မဟာ(၆) နယ်မြေ၊ လေးကေကော်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းအပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။

လေးကေ့ကော်ဒေသအပြင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဘုရားသုံးဆူဒေသနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ် တစ်လျှောက်တွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများ‌‌ကြောင့် ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အများစုမှာ ထိုင်းနိုင်ငံဘက်သို ထွက်ပြေးနေရသည်။