ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျကာ သေဆုံးသွားသူ ၂၂ဦး အထိရှိလာ 

ဖားကန့်မြို့နယ်တွင် နွံကန်ပေါက်ကျကာ သေဆုံးသွားသူ ၂၂ဦး အထိရှိလာ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျကာ သေဆုံးသွားသူ (၂၂)ဦး အထိ ရှိလာပြီဟု ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်အစောပိုင်းတွင် စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျမှုဖြစ်ပြီး နေအိမ်(၅၇)လုံး ပါသွားကာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေရာက ယနေ့နံနက်ပိုင်းအထိ (၂၂)ဦး၏ အလောင်းကို တွေ့ရှိသည်ဟု ဆိုသည်။

“၁၄ ရက်နေ့မှာတော့ လူကြီး (၅)လောင်း၊ ကလေးတစ်လောင်း တွေ့တယ်။ ၁၃ ရက်နေ့မှာပဲ (၁၄)လောင်း ပြန်တွေ့ထားတာ။ ဒီနေ့ နံနက်ပိုင်းမှာတော့ နှစ်လောင်းထပ်တွေ့တယ်။ ဆက်ပြီးရှာဖွေနေဆဲပါ။”ဟု ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

နွံကန်ပေါက်ကျကာ မြေပိ၍ သေဆုံးသူများထဲတွင် ကလေးများလည်းပါဝင်နေပြီး ယမန်နေ့က (၁၅)လောင်းကို ဆုတောင်းပွဲနှင့် ဗုဒ္ဓဘာသာလုပ်ထုံးနှင့်အညီ မီးသင်္ဂြိုလ်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ဖားကန့်မြို့နယ်ရုံး