ဘုတ်ပြင်းမြို့နယ်ရှိ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

ဘုတ်ပြင်းမြို့နယ်ရှိ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်နှင့် တနင်္သာရီမြို့နယ်ကြားရှိ စစ်‌‌ကောင်စီ၏ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း Black Cobra Column တပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် မေလ (၁၂)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဘုတ်ပြင်းမြို့အခြေစိုက် စကခ(၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ ခမရ (၅၅၉)နှင့် ခမရ (၄၃၂) တို့ ပူးပေါင်းအထိုင်ချထားသော အဆိုပါစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က စခန်းမကျ‌စေရေးအတွက် လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း (၁၂)ရက်အကြာတွင် စစ်ကောင်စီတပ်သားများ စခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ရပြီး မေလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းကုန်းအား နယ်မြေရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအ‌ဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ မြှုပ်နှံထားသော မြေကျင်းများကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

စခန်းကုန်းအား စွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင်များကို ပူးပေါင်းစစ်ကြောင်းက လိုက်လံရှင်းလင်းနေပြီး စစ်ကူလာသော စစ်ကြောင်းများကိုလည်း ဖြတ်တောက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရသည်။



 

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် KNLA၊ PDF ပူးပေါင်းထား‌သော Black Cobra Columnနှင့်အတူ Beik Province People Defense Forceနှင့် Black Cobra Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပူး‌ပေါင်းစစ်‌ကြောင်းမှ တော်လှန်ရေး ရဲဘော်တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိထားသည့် ပွိုင့် ၁၀၂၀ တောင်ကုန်းစခန်းအား စစ်ကူလာသော စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်းများအား လိုက်လံရှင်းလင်းနေဆဲဖြစ်သောကြောင့် မြိတ်-ဘုတ်ပြင်း လမ်းပိုင်းကို အသုံးပြုကာ ခရီးသွားလာကြသော ပြည်သူများအနေဖြင့် အထူးသတိပြု၍ သွားလာကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: BLACK COBRA Column