စစ်အာဏာသိမ်း လေးနှစ်အတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုန်းနေမှုအပေါ် IPCM ရှုတ်ချ

စစ်အာဏာသိမ်း လေးနှစ်အတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုန်းနေမှုအပေါ် IPCM ရှုတ်ချ

စစ်အာဏာသိမ်း လေးနှစ်အတွင်း မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် ပျောက်ဆုံးနေမှုနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုန်းနေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်း လေးနှစ်တာကာလတွင် မြန်မာနိုင်ငံအတွင်း သတင်းမီဒီယာသမား (၂၀၀)ကျော် မတရားဖမ်းဆီးခံခဲ့ရပြီး သတင်းမီဒီယာသမား (၇) ဦးမှာ ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရကာ (၄၃)ဦးမှာ ယနေ့အချိန်အထိ နိုင်ငံတွင်း အကျဉ်းထောင်အသီးသီးတွင် မတရားသည့် ဥပဒေများ ၊ သတင်းမီဒီယာသမားများနှင့် သက်ဆိုင်ခြင်းမရှိသည့် အကြမ်းဖက် ဥပဒေများဖြင့် အရေးယူခံရပြီး ထောင်ဒဏ်ကျခံနေရဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခြင်း ၊ မြို့ရွာများ ပျက်စီးဆုံးရှုံးရခြင်း ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်းများ ကြုံတွေ့ခံစားနေရဆဲဖြစ်ပြီး မတရားစစ်မှုထမ်းခိုင်းခြင်း ၊ လူမှုဘ၀ မလုံခြုံခြင်း ၊ ရာဇ၀တ်မှု ထူပြောခြင်းများကို ရင်ဆိုင်ခံစားနေရသည်ဟု ဆိုသည်။

အခြားတဖက်တွင်လည်း ဆိုင်ဘာလုံခြုံရေး ဥပဒေကို မတရားပြဌာန်းခဲ့သည့်အတွက် လူထုအနေနှင့် လွတ်လပ်စွာ သတင်းသိရှိပိုင်ခွင့်များ ဆုံးရှုံးစေပြီး အွန်လိုင်း/ဒစ်ဂျစ်တယ် သတင်းစီးဆင်းမှုကို ဆိုးရွားစွာ ထိခိုက်မှုရှိခဲ့ကာ ထိုလုပ်ရပ်သည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေသည်ဟု မှတ်ယူကြောင်း IPCM က ဆိုသည်။

ယနေ့ထိ စစ်ကောင်စီတပ်၏ မီဒီယာဖိနှိပ်မှုများကြောင့် သတင်းမီဒီယာ သမားများနှင့် သတင်းမီဒီယာလုပ်ငန်းများသည် သတင်းလွတ်လပ်ခွင့် အခြေခံများအရ ရပ်တည်နိုင်ခြင်း မရှိဘဲ ၊ ကမ္ဘာ့အဆိုးရွားဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ထိပါးခံရသော ထိပ်တန်းနိုင်ငံ စာရင်းတွင် ပါဝင်နေသည်အထိ အန္တရာယ်ကျရောက်နေကြောင်း IPCM က အသိပေးသည်။

သတင်းလွတ်လပ်ခွင့် ကာကွယ်မြှင့်တင်ရေး ၊ သတင်းမီဒီယာသမားများ သတင်းမီဒီယာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်း အသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နှင့် စစ်ကောင်စီတပ်၏ မတရားလုပ်ကြံ ဖန်တီးထားသည့် သတင်းများအား မြန်မာလူထုအနေနှင့် အထူးသတိပြု စိစစ်ပြီးမှ လက်ခံကြရန် IPCM က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင်း စစ်ကောင်စီမှ ပြည်သူလူထုနှင့် သတင်းမီဒီယာသမားများအပေါ် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရန် အလေးအနက် တောင်းဆိုလိုက်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo: ၂၀၂၁ ခုနှစ်က ရန်ကုန်မြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲ၍ သတင်းထောက်များပါ ထွက်ပြေးတိမ်းရှောင်ရစဥ် (ပုံဟောင်း)