အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်၊ လူရွယ်များ ပြည်သူ့ကာကွယ်ရေးတပ်၏ လူမှုကွန်ယက်စာမျက်နှာများ နှင့် ပြည်သူရင်ခွင့်တယ်လီဂရမ်သို့ ဆက်သွယ်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် တိုက်တွန်းချက်ထုတ်ပြန်သည်။
စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းခံရသူ(ပြည်သူ့စစ်မှုထမ်း-ပစ)များမှာ ယခုရက်ပိုင်းတွင် ရှေ့တန်းစစ်မျက်နှာများ၌ ထိခိုက်ကျဆုံးမှုများပြားလာနေပြီး နိုင်ငံရေးအမြင်ရှိသော လူငယ်များကမူ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုများထံ ကြိုတင်ဆက်သွယ်၍ လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်ခြင်း၊ အလင်းဝင်ခြင်း၊ အကြမ်းဖက်စစ်တပ်မှ ထွက်ပြေးခြင်းတို့ကို လုပ်ဆောင်နေသည်ဟု ဆိုသည်။
လက်ရှိစစ်ဆင်ရေးအခြေအနေအရ စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ၎င်းတို့၏ အင်အားအဆမတန် ပြုန်းတီးခြင်း၊ ထောက်/ပို့ဆက်ကြောင်း ပြတ်တောက်နေခြင်းကြောင့် မြေပြင်မှ ထောက်ပို့လုပ်ဆောင်ရန် မတတ်နိုင်တော့ဘဲ လေကြောင်းမှသာ ထောက်ပို့ဆောင်ရွက်နေရခြင်း၊ နိုင်ငံအနှံ့ တပ်ဖြန့်ချထား၍ ပြည်သူ့တော်လှန်ရေးကို ဟန့်တားရန် မဖြစ်နိုင်တော့ခြင်း၊ တန်ပြန်ထိုးစစ် မဆင်နိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ သိမ်းယူထားသည့် မည်သည့်မြို့၊ စခန်းတခုကိုမျှ ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ခြင်း၊ ခဲယမ်း၊ မီးကျောက် မလုံမလောက်ဖြစ်နေခြင်းများ ကြုံတွေ့နေရပြီဟုလည်း ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီသည် ၎င်း၏လူအင်အားချို့တဲ့သည့် ပြဿနာကိုဖြေရှင်းရန် အဓမ္မစစ်သားစုဆောင်းသည့်နည်းကို မိုက်မဲစွာကျင့်သုံးနေခြင်းဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ်၊ လူရွယ်များအနေဖြင့်ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၏ လူမှုစာမျက်နှာများနှင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့ ကြိုတင်ချိတ်ဆက်ထားရန် တိုက်တွန်းထားသည်။
စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ (PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်း ရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ)ထံ ဆက်သွယ်၍ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြရန်လည်း တိုက်တွန်း ထားသည်။
ဘက်ပြောင်းခိုလှုံလာသော လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက် ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
#TachileikNewsAgency
__________________________________________
Tachileik News Agency ၏ သတင်းလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် တဖက်တလမ်းမှ ကူညီပံ့ပိုးနိုင်ပါသည်။
👉 https://buymeacoffee.com/tachileiknewsagency