ဆေးဝါးကုသမှု အချိန်မီ မရရှိသဖြင့် သရက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး

ဆေးဝါးကုသမှု အချိန်မီ မရရှိသဖြင့် သရက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး

မကွေးတိုင်းအတွင်းရှိ သရက်အကျဉ်းထောင်တွင် ဆေးဝါးကုသမှုအချိန်နှင့်တပြေးညီ မရရှိသဖြင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

စစ်ကောင်စီမှ အကြမ်းဖက်ပုဒ်မ ၅၂(က)/၅၁(ဂ) တို့ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ထောင်ဒဏ်(၁၁)နှစ် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက် (၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည်ာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ မနက်ခင်းအစောပိုင်းအချိန်တွင် သရက်ထောင်တွင်း၌ သွေးတိုးဝေဒနာဖြင့် ကျဆုံးခဲ့ကြောင်း သိရသည်။

မကျဆုံးခင် ဇူလိုင်လ (၂၆)ရက်နေ့ ညပိုင်းတွင် ကိုညီညီ သွေးတိုးရောဂါခံစားရ၍ အရေးပေါ်ဆေးဝါးကုသပေးရန် ထောင်တာဝန်ခံများထံ နိုင်ငံရေးအကျဉ်းသားများမှ အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

အကူအညီတောင်းခံပြီး တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းများမှ အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ပို့‌ဆောင်၍ ကြည့်ရှုစစ်ဆေးခိုင်းရာ သွေးပေါင်ချိန်မှာ အပေါ်သွေး (၂၄၀)နှင့် အောက်သွေး (၁၄၀)အထိ ရှိခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ သွေးပေါင်ချိန် အလွန်တက်လာချိန်တွင် ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရမည်ဖြစ်သော်လည်း ညအချိန်ဖြစ်သည်ကို အကြောင်းပြပြီး အဆင့်ဆင့် သတင်းပေးပို့နေရသည်ဟုဆိုကာ အပြင်သို့ လာရောက်ခေါ်ထုတ်ချိန် တစ်နာရီခွဲကျော် ကြာမြင့်ခဲ့သည့်အတွက် ကိုညီညီ ကျဆုံးရခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ဆိုသည်။

လက်ရှိသရက်ထောင်တွင် ‌ထောင်ဆရာဝန် ငြိမ်းချမ်းကျော် တာဝန်ထမ်းဆောင်နေပြီး ကိုညီညီ နေထိုင်ရသည့် အဆောင်ကို အဆောင်မှူး နိုင်လင်း အုပ်ချုပ်၍ ထောင်ပိုင် ညွန့်ဘိုဝင်းမှ ဦးဆောင်ကွပ်ကဲလျက်ရှိကြောင်း သိရသည်။ 

နိုင်ငံရေးအကျဉ်းသား ကိုညီညီ၏ ထောင်တွင်းအချိန်နှင့် တပြေးညီဆေးဝါးကုသစောင့်ရှောက်ခွင့်မရ၍ ကျဆုံးခဲ့ရမှုအပေါ်  ပြည်သူ့အစိုးရ ရောက်လာချိန်တွင် သက်ဆိုင်ရာ ထောင်အာဏာပိုင်များအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ အသိပေးထားသည်။

#TachileikNewsAgency