စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ ကဘေးတစ်ဦးအပါ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီထံမှ သိရသည်။
ချင်းတွင်းမြစ်တစ်ဖက်ကမ်း မုံရွာမြို့နယ်ရှိ ညောင်ပင်သာ စစ်ကောင်စီဂိတ်စခန်းမှ (၁၂၀)မမ လက်နက်ကြီး (၄)လုံးခန့် မြစ်အနောက်ဘက် ကျေးရွာများကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကြီး (၂)လုံးမှာ ဖောင်းကတာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး (၆)တန်းအရွယ် ကျောင်းသူတစ်ဦး ပေါင်ထိမှန်ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကာ အသက်(၄၀)ကျော် အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြစ်အနောက်ဘက် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ဦးတည်ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကူးတို့ကုန်းကျေးရွာရှိ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ ကိုယ်ဝန် ပျက်ကျခဲ့ရသည်။
#TachileikNewsAgency