တာမခန်ရဲစခန်းကို KIA ပူးပေါင်းတပ်များသိမ်းပိုက်ရာ စစ်ကောင်စီတပ်သား(၁၇)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိ

တာမခန်ရဲစခန်းကို KIA ပူးပေါင်းတပ်များသိမ်းပိုက်ရာ စစ်ကောင်စီတပ်သား(၁၇)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိ
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ တာမခန်ရဲစခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၁၇)ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညနေပိုင်းမှစတင်ပြီး တာမခန်ကျေးရွာရှိ ခမရ(၁၁၉)စခန်းကုန်းနှင့် ရဲစခန်းကို KIA ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

"ရရှိထားတဲ့ လက်နက်ခဲယမ်းစာရင်းတော့ အတိအကျ မသိရသေးဘူး။ တစ်ပွင့်၊ နှစ်ပွင့်၊ တပ်ကြပ်ကြီးနဲ့ နယ်ထိန်းတွေ (၁၇)ဦး ဖမ်းမိထားတယ်။ စခန်းကိုတော့ မီးရှို့လိုက်တယ်။"ဟု KPDF မှ တာ ဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်၏ ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့သည့်အပြင် တိုက်လေယာဉ်ဖြင့်လည်း လေကြောင်းပစ်ကူပေးခဲ့သည်ဟု သိရသည်။

"မနေ့က ညသန်းခေါင်အထိတော့ လေယာဉ်တွေဝဲတယ်။ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်သေးတယ်။ ကျွန်တော်တို့ဘက်က (၆၀)မမနဲ့ ဗျူဟာကုန်းကို ပြန်ပစ်တာ လက်နက်ကြီး နေရာရွေ့သွားတယ်လို့တော့ သိထားရတယ်။ ဒီကနေ့တော့ ဗျူဟာကုန်းကနေ ပစ်တာမရှိသေးဘူး။"ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာထိန်း သိမ်းစောင့်ရှောက်ထားသည်ဟုလည်း သိရသည်။