မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး နီးစပ်ရာရွာများမှ ပြည်သူများ အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း တောင်ညိုစစ်ကြောင်းက အသိပေးထားသည်။
သံဖြူဇရပ်မြို့နယ် ကလိန်ပဒေါရွာ အနောက်ဖက်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် အင်အား (၁၇၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရရှိသူ (၃)ဦး ရှိသည်ဟု သတင်းပြန်လည်ရရှိကြောင်း တောင်ညိုစစ်ကြောင်းကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၉)ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ကုန်းမြင့်သာယာရွာအနီး အင်အား (၁၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုတချို့ ရှိခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်း၌ စက်တင်ဘာလ (၁၇)ရက်နေ့မှ စတင်ပြီး တိုက်ပွဲစုစုပေါင်း (၆)ကြိမ် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအား တောင်ညိုစစ်ကြောင်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း (၂၇) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency