မန္တလေးမြို့ရှိ စစ်ကောင်စီထောက်တိုင် ဇွဲထက်ရွှေဆိုင်နှင့် Pioneer Bar တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်

မန္တလေးမြို့ရှိ စစ်ကောင်စီထောက်တိုင် ဇွဲထက်ရွှေဆိုင်နှင့် Pioneer Bar တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်

မန္တလေးမြို့ရှိ စစ်ကောင်စီထောက်တိုင်များဖြစ်သည့် ဇွဲထက်ရွှေဆိုင်နှင့် Pioneer Bar တို့အား ဖောက်ခွဲတိုက်ခိုက်ကြောင်း No More Dictatorship People Defence Force – NMD အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်းနှင့် (၃၄)လမ်းထောင့်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးနှင့် စစ်ကောင်စီအကြီးပိုင်းများပိုင်ဆိုင်သည့် ဇွဲထက်ရွှေဆိုင်အား ယနေ့ ဇွန်လ (၁၂) ရက်နေ့ နေ့လယ် (၂) နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NMD အဖွဲ့မှ ဆိုသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၃၅)လမ်း၊ (၅၃)လမ်း နှင့် (၅၄)လမ်းကြားရှိ စစ်ကောင်စီကို အခွန်ငွေအများအပြားထောက်ပံ့ကာ တော်လှန်ရေးအားပုံရိပ်ဖျက်နေသည့် Pioneer Bar အား ပြည်သူများတိုင်ကြားချက်အရ ၂၀၂၄ ခုနှစ် ဇွန်လ (၁၁) ရက်နေ့ ည (၈) နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးသည့်နောက် စစ်ကောင်စီမှ မြို့တွင်းနေရာအနှံ့တွင် အပူတပြင်း စစ်ဆေးလျက်ရှိ‌သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ကောင်စီအား သက်ဆိုးရှည်စေရန် အထောက်ကူပြုနေသည့် ထောက်တိုင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီထောက်တိုင် နေရာများသို့ သွားလာခြင်းမပြုကြရန် NMD အဖွဲ့မှ အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ (၂၁) ရက်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြနန္ဒာလမ်းနှင့် စစ်ကိုင်း-မန္တလေးကားလမ်းကြား မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီ အစောင့်ကင်းတဲအား NMD အဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency