ပုလဲမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၂၅ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

ပုလဲမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား ၂၅ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သား (၂၅)ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ထံမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ပြီး ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ကာ ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

စစ်ကောင်စီလက်အောက်ခံ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူ အကြိမ် (၇၀)ကျော်ပေးသည့်ကြားမှ ပုလဲမြို့အား တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး BNRA မှ ရဲဘော်(၉)ဦးကျဆုံးကာ (၁၀)ဦး ဒဏ်ရာရရှိခဲ့ပြီး GZA မှ တစ်ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။ 

မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှ ပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ(၁၄)ရက် ညနေပိုင်းတွင် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။ 

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီတပ်သား သုံ့ပန်း(၂၅)ဦးကို ဖမ်းဆီးရမိပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ဆိုသည်။ 

၎င်းစစ်သုံ့ပန်းအများစုမှာ ဘန်ကာအတွင်း လက်ပစ်ဗုံးပစ်ထည့်ခံရသည့် ထိခိုက်ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေသည်ဟု သိရသည်။ 

စစ်ဆင်ရေးအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4 ထောက်တွဲ (၁)လက်၊ G3 (၆)လက်၊ G4 (2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9 ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်းဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ (၅.၅၆) ကျည် အများအပြား၊ G3 ကျည်ဘောက်အပို (၄)ခု၊ MA အပို ကျည်ဘောက် (၂၉)ခုတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)မှ ဦးဆောင်၍ Generation Z Army(GZA)နှင့် Southern Yesagyo (SYSO) တို့က ဝင်တိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နှင့်ချိတ်ဆက်၍ Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့သော အတိုင်းအတာအထိ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

ချင်းညီနောင်စစ်ဆင်ရေးတွင်လည်း အညာညီနောင်နှစ်ဖော်ဖြစ်သည့် BNRA & GZA တို့အနေဖြင့် ပါဝင်ဆင်နွှဲလျှက်ရှိကြောင်း ပြည်သူများအား အသိပေး ထုတ်ပြန်ထားသည်။ 

#TachileikNewsAgency

Photo: BNRA