ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသည့် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၁ဦးကို ထပ်မံဖမ်းမိ

ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသည့် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၁ဦးကို ထပ်မံဖမ်းမိ
နိုဝင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းအား PDF-Zolandက တိုက်ခိုက်သိမ်းပိုက်စဉ် နယ်စပ်ဘက်သို့ ထွက်ပြေးရန်ကြိုးစားသော ဗိုလ်မှူးအဆင့်ပါဝင်သော စစ်ကောင်စီတပ်သားများအား ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကနေဒီတောင်ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကို ယမန်နေ့ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် PDF-Zoland က တိုက်ခိုက်ခဲ့ရာ စခန်းအား သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦးသေပြီး တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကာ ကျန်ရှိစစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရခြင်းကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ (၄၀)မမအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် (၂၄)လက်နှင့် ကျည်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု PDF-Zolandကဆိုသည်။

နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သည် Mi-35 လေယာဉ်ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိမ်းရှောင်ခဲ့ရပြီး PDF-Zolandမှ ရဲဘော် Pau Tawngကျဆုံးခဲ့ရသည်ဟု သိရသည်။

ထို့နောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား(၁၁)ဦးကို ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Zoland Voice TV က ဖော်ပြထားသည်။

#TachileikNewsAgency

Photo : Zoland Voice TV