ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တပ်ခွဲ အညာမိုင်းအဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီ၏ ကြေးနီသယ်ဆောင်လာသည့်ယာဉ်တန်းကို လုံခြုံရေးယူလိုက်ပါလာသည့် သံပြားကာကားအား ဇူလိုင်လ (၂၉) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။

ဇူလိုင်လ (၂၅) ရက်နေ့ကလည်း ချောင်းဦးမြို့နယ်အတွင်း ကင်းပုန်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့မှ မိုင်း (၂) လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒဏ်ရာရရှိသူတချို့ကို မြင်းမူဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကာ ဒဏ်ရာပြင်းထန်သူတစ်ဦးအား မုံရွာဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့သည်ဟု ပြန်လည်ကြားသိရကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) သည် အညာဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးကွပ်ကဲမှုစနစ်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်အတူ လက်တွဲတိုက်ပွဲနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency