ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာနေ

ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာနေ
စက်တင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွှေသောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား KNU ပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့ ညနေပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူရှိပြီး လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် သံတောင်မြို့နယ်နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် အစပ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဗျူဟာလမ်းတစ်လျှောက် စစ်အင်အားဖြည့်တင်းနေပြီး စစ်ရေး အခြေအနေ တင်းမာနေကြောင်း သိရသည်။

တိုက်ခိုက်မှုကို KNU တပ်မဟာ(၂)၊ သံတောင်မြောက်ပိုင်း အထူးဒေသ(NTDF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ တပ်ခွဲ(၄) ဒေါင်းမင်းသားညီနောင်စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ(၆)ရက်နေ့က ရေတာရှည်မြို့ပေါ်မှ လက်နက်ကြီး ပစ်ကူယူကာ အင်အား(၂၀၀)ခန့်ဖြင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း လမ်းတလျှောက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယင်းနေ့က ကျောက်ပုံကျေးရွာအနီးတွင် ရေတာရှည်မြို့မှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီးပြန်လာသော သစ်ချဆိပ်ကျေးရွာမှ အမျိုးသားတစ်ဦးကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ရာ ခြေထောက်နှင့် လက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ တောင်ငူဆေးရုံသို့ ပို့ဆောင်၍ ကုသနေရသည်ဟု သိရသည်။ 

 

ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ စစ်ကောင်စီတပ်များက စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများဘက်သို့ ရေတာရှည်မြို့ပေါ်မှ လက်နက်ကြီးများ နေ့စဉ်နီးပါးပစ်ခတ်ခဲ့ပြီး အရပ်သားများထိခိုက်သေဆုံးသူရှိခဲ့သည်။

#TachileikNewsAgency