ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရ

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်ခတ်ခံရ
အောက်တိုဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဇော်နိုင်လင်းဆိုသူ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့တွင် မြို့လည်ခေါင်၌ ပစ်ခတ်ခံရကြောင်း သိရသည်။

၎င်းသည့် ယနေ့နံနက် (၇)နာရီခွဲဝန်းကျင်တွင် ရေးမြို့လယ်ခေါင်၊ ရန်မျိုးအောင်ရပ်ကွက်၊ မြို့လယ်ကမ်းနားစျေး၊ ဖူးကော်ဖီဆိုင်၌ ထိုင်နေစဉ် ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားသည်ဟု သိရသည်။

“သူ့ရဲ့ အင်ဖော်မေးရှင်းအပိုင်းကိုတော့ ရတာကြာပြီပေါ့နော်။ သူ့ကိုစောင့်ကြည့်နေခဲ့တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အကြိမ်ကြိမ် ထုတ်ပြန်ချက်တွေကြားထဲကပေါ့နော် သတိပေးချက်တွေထုတ်ထားတယ်။ သတိပေးချက်တွေ ထုတ်ပြန်တဲ့ကြားထဲကနေ စစ်ကောင်စီရဲ့ ယန္တရားကို လည်ပတ်မှုရှိအောင် ပြုလုပ်တဲ့အတွက်လည်း ရှင်းလင်းလိုက်ခြင်းဖြစ်တယ်။ နောက်တစ်ခုက ငါးဖမ်း ပိုက်လှေတွေအပေါ်မှာပေါ့နော် မတရားငွေကြေးကောက်ခံတဲ့အပိုင်းတွေကြောင့်လည်း ဖြစ်တယ်ဗျ။”ဟု ရေးဘီလူးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် ၎င်းသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ယန္တရားများအား လည်ပတ်မှုရှိစေရန် အလုပ်များလုပ်ပေးနေသူဖြစ်ကာ ရေးမြို့နယ်ရေပိုင်နက်များတွင်ရှိသည့် ငါးဖမ်းလှေများကို အခွန်ကောက်ခြင်း၊ ငွေကြေးရယူခြင်းများ ပြုလုပ်နေသူလည်းဖြစ်ပြီး ပြည်သူများ၏ တိုင်ကြားချက်များကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့လယ်ခေါင်နှင့် ရပ်ကွက်များကို ပိတ်ဆို့ စစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

#TachileikNewsAgency