အစိုးရနှင့် အဖွဲ့အစည်းတိုင်းက ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို စုပေါင်းအကောင်အထည်ဖော်ရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြောဆို

အစိုးရနှင့် အဖွဲ့အစည်းတိုင်းက ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို စုပေါင်းအကောင်အထည်ဖော်ရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြောဆို

ပြဿနာဖြေရှင်းနိုင်ရေးအတွက် အစိုးရနှင့် အဖွဲ့အစည်းတိုင်းက ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို စုပေါင်းအကောင်အထည်ဖော်ရမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့အတွက် RCSS က ပေးပို့သည့် သဝဏ်လွှာတွင် ယင်းသို့ ပြောဆိုထားခြင်းဖြစ်သည်။

ပြည်ထောင်စုကို စုပေါင်းတည်ထောင်လာခဲ့သည်မှာ (၇၇)နှစ်ရှိပြီဖြစ်ပြီး ပြည်တွင်စစ် အစဉ်မပြတ်တောက်လောင်ခဲ့သည်မှာ အချင်းချင်းကြား ရိုးသားမှုမရှိခြင်း၊ ပင်လုံစာချုပ်အတိုင်း မဆောင်ရွက်နိုင်ခြင်း၊ ယုံကြည်မှုမတည်ဆောက်နိုင်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ပြဿနာများကို မဖြေရှင်းနိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးအဖွဲ့အစည်းတိုင်းသည် လူမျိုးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကောင်းမွန်ရေးအတွက် တော်လှန်နေကြခြင်းဖြစ်သည်ဟုလည်း ပြောဆိုသည်။

ပြဿနာဖြေရှင်းရေးအတွက် အဖွဲ့အစည်းတိုင်းက နိုင်ငံရေးဆွေးနွေးပွဲကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရမည်ဖြစ်ပြီး စစ်ရေးဖြင့် ပြဿနာများကို ဖြေရှင်းပါက ပြည်ထောင်စုတဝှမ်းလုံးရှိ ပြည်သူလူထုများသာ အတိဒုက္ခဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ဖြစ်သည်ဟု ပြောသည်။

တိုင်းပြည်၏ စီးပွားရေးနှင့် အခြားကဏ္ဍများမှာလည်း ဆုတ်ယုတ်ကျဆင်းနှိမ့်ကျပြီး ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ကမ္ဘာနှင့်အမီရင်ဘောင်တန်းနိုင်မည်မဟုတ်ဟု ပြောသည်။

RCSS အနေဖြင့် တွေ့ဆုံဆွေးနွေးနိုင်ရေး အမြဲတံခါးဖွင့်ထားပြီး အနာဂါတ်တွင် ရှမ်းပြည်သည် ရှမ်းတိုင်းရင်းသားများစုပေါင်းတည်ထောင်ကြသော “ပြည်ထောင်စုသျှမ်းပြည်”အဖြစ်တည်ဆောက်ရမည်ဖြစ်ကာ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးအခင်းအကျင်းနှင့် ကိုက်ညီသည့် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု”ကို တည်ဆောက်ရမည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသားများ၊ ရှမ်းအဖွဲ့အစည်းများအနေဖြင့်လည်း အချင်းချင်း၏ ကောင်းကျိုးကိုကြည့်ပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ပါစေဟုဆိုကာ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။  

ယမန်နေ့ကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲနှင့် ရှမ်းပြည်အမျိုးသားနေ့ကို မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာ၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNU၊ CNF နှင့် ABSDF တို့က စစ်အာဏာရှင်ကို တော်လှန်သဖြင့် ၂၀၂၄ ခုနှစ် မတ်လတွင် NCA လက်မှတ်ထိုးအဖွဲ့ကို 7 EAO Alliance အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

7 EAO Alliance တွင် အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူထားပြီး အဆိုပါအဖွဲ့ထဲမှ ပအိုဝ်းတပ်(PNLO)နှင့် လားဟူတပ်(LDU)တို့မှာ သက်ဆိုင်ရာခေါင်းဆောင်များကို ထုတ်ပယ်ကြောင်း ကြေညာထားပြီး PNLOသည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။

#TachileikNewsAgency

#TNA_MAT

Photo:မနေ့က ပြုလုပ်သည့် NCA အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲနှင့် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီး ယွက်ဆစ်