ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ - ၅၅၉ တွင် တာဝန်ထမ်းဆောင်နေရသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ ( ၂ ) ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး PDF ထံ အလင်းဝင်
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ခမရ (၅၅၉) တွင် တာဝန်ထမ်းဆောင်နေရသည့် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ (၂)ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။
စစ်ကောင်စီတပ်၏ အဓမ္မစစ်မှုထမ်း စုဆောင်းခြင်းခံရပြီးနောက် အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် အပတ်စဉ် (၅) သင်တန်း တက်ရောက်ခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးသည် ခမရ (၅၅၉) တွင် တာဝန်ထမ်းဆောင်နေစဉ် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ အမှတ် (၃)ဗျူဟာ (၃၃)ဒေါနတပ်ရင်းထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင် စစ်ကောင်စီတပ်သား (၂)ဦးသည် ၎င်းတို့နှင့်အတူ MA-1 (၁) လက်၊ MA-3 (၁) လက်၊ ကျည် (၁၇၅)တောင့်၊ ကျည်ဘောက် (၆) ဘောက်နှင့် လက်ပစ်ဗုံး တစ်လုံး ကိုလည်း ယူဆောင်လာကြောင်း သိရသည်။
စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်မှရပ်တည်လိုသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ လာရောက်ပူးပေါင်းနိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးတိုက်တွန်းထားသည်။
အာဏာသိမ်းပြီး လေးနှစ်နီးပါး ကာလအတွင်း စစ်သား (၃၇၀၀) ကျော်နှင့် ရဲတပ်ဖွဲ့ဝင် (၁၁,၀၀၀)ကျော် စုစုပေါင်း တစ်သောင်းခွဲ (၁၄,၇၀၀) ဦးခန့် CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ပြီး ၊ အလင်းဝင်ရောက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီ ပံ့ပိုးပေးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံမှ သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:တောင်ပိုင်းစစ်ဒေသ