သာစည်မြို့နယ်လျှပ်စစ်မှ လူတစ်စုကို မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစု သတိပေး

သာစည်မြို့နယ်လျှပ်စစ်မှ လူတစ်စုကို မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစု သတိပေး
ဒီဇင်ဘာ 24, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း သာစည်မြို့နယ်လျှပ်စစ်မှ သူရဇော်(AE)ဆိုသူသည် အာဏာသိမ်းစစ်ကောင်စီအလိုကျ ဒေသတွင်းနေပြည်သူများအပေါ် လျှပ်စစ်မီးဖြတ်တောက်ကာ မီတာခများကောက်ခံနေ၍ ဆက်လက်ကောက်ခံပါက ရှင်းလင်းမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစု ( MDRF )က ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားလည်ပတ်မှု ဒေါက်တိုင်ဖြစ်သည့် သာစည်မြို့နယ်လျှပ်စစ်မှ သူရဇော်(AE) ဆိုသူသည်  Transformers များကို ကိုယ်တိုင်သော် လည်းကောင်း၊ ဝန်ထမ်းများအား လည်းကောင်း လုပ်ဆောင် စေခိုင်းပြီး မီးများ ဖြတ်တောက်၍ ပြည်သူလူထုအား မီတာခ အတင်းအဓမ္မ ကောက်ခံနေကြောင်း တိုင်တန်းချက်များ ရရှိထားသည်ဟု ထုတ်ပြန်ထားသည်။

သာစည်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ပြီး Transformers များ မီးဖျက်ခြင်း၊ မီတာခများ အတင်းအဓမ္မ ဆက်လက် ကောက်ခံခြင်းများ ပြုလုပ်နေမည်ဆိုပါက  မြို့နယ်လျှပ်စစ်မှ  သူရဇော်(AE)နှင့် အပေါင်းအပါအားလုံးကို ရှင်းလင်းမည်ဖြစ်ကြောင်း (၄)မြို့နယ်တော်လှန်ရေးအင်အားစုဖြစ်သည့် မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစုမှ နောက်ဆုံး အနေအဖြစ် သတိပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



မိတ္ထီလာခရိုင်တော်လှန်ရေးအင်အားစုအား ခရိုင်အတွင်းရှိ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည် နှင့် မလှိုင်မြို့ (၄)မြို့နယ်ပေါင်းပြီး ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်လက်အောက်ခံ ရဲတပ်ဖွဲ့ အပါအဝင် ဒေါက်တိုင်များကို ရသည့်နည်းဖြင့် တိုက်ခိုက်ရှင်းလင်းနေသည့် ဒေသကာကွယ်ရေးအဖွဲ့ ဖြစ်ကြောင်း သိရသည်။