အာဏာသိမ်းတပ်က KNU နယ်မြေ လေးကေ့ကော်နှင့်နီးစပ်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ချိန်ထားပြီး မြို့ကိုဝိုင်းထားသည့် အနေအထား ဖြစ်နေ

အာဏာသိမ်းတပ်က KNU နယ်မြေ လေးကေ့ကော်နှင့်နီးစပ်ရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ချိန်ထားပြီး မြို့ကိုဝိုင်းထားသည့် အနေအထား ဖြစ်နေ
ဒီဇင်ဘာ 14, 2021 | အခြားဒေသများ
By Tachileik News Agency

KNU လုံခြုံရေးယူပေးနေသည့် ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်းကျင်ကျေးရွာများဘက်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ချိန်ထားပြီး အင်အားဖြင့် ဝင်၍ရှာဖွေသည့်အပြင် မြို့ကို ဝိုင်းထားသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

မြို့ကိုပိတ်ဆို့ဝိုင်းထားပြီး ထွက်လာရင် ဖမ်းမယ်ဆိုတဲ့သဘောနဲ့ စောင့်နေတာမျိုးနေမှာပေါ့။ မြို့ထဲကိုလည်း လက်နက်ကြီးနဲ့ချိန်ပြီး ခြိမ်းခြောက်ထားသေးတာ။ သူတို့ကိုလုပ်ရင် ပြည်သူတွေဘက်ကို ပစ်မယ်ဆိုတဲ့သဘော ခြိမ်းခြောက်တာပေါ့။ မနက်က ဖမ်းသွားတဲ့အထဲက လွှတ်တော်ကိုယ်စားလှယ်ကို ရိုက်နှက်ဖမ်းဆီးသွားတာ။ ဆရာဝန်တစ်ယောက်လည်း ပါသွားတယ်။ စုစုပေါင်း ဖမ်းသွားတာ (၁၈)ယောက်လို့တော့ အတည်ပြုတယ်။ သူတို့ကို အမြောက်တပ်ကို ခေါ်သွားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ညနေ (၃)နာရီခွဲဝန်းကျင်တွင် ပြောကြားသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့နှင့် အနီးဝန်းကျင် ကျေးရွာ (၇)ရွာဘက်သို့ အမြောက်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ချိန်ထားပြီး နံနက်အစောပိုင်းက စစ်ကြောင်း (၄) ကြောင်းဖြင့် လေးကေ့ကော်သို့ဝင်လာကာ ဝင်လမ်းထွက်လမ်းများကို ပိတ်ဆို့ဖမ်းဆီးနေခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် မြောင်းမြလွှတ်တော်ကိုယ်စားလှယ် (၁)ဦး၊ ၊ ဆရာဝန် (၁) ဦး၊ CDM ရဲ (၂) ဦးနှင့် အခြားပြည်သူများ စုစုပေါင်း (၁၈) ဦးတို့ပါဝင်သွားကြောင်း သိရသည်။

အာဏာသိမ်းတပ်သည် လက်ရှိတွင် လေးကေ့ကော် ဗျူးပွိုင့်အပန်းဖြေစခန်းနေရာနှင့် ရပ်ကွက် (၆) နှစ်နေရာခွဲ၍  စခန်းချထားတာ တစ်ပတ်ခန့် ပိတ်ဆို့စစ်ဆေးဖမ်းဆီးမှုလုပ်မည်ဟု သတင်းများထွက်နေကြောင်း AAC ကိုရဲမင်းထံမှ သိရသည်။

အာဏာသိမ်းတပ်သည် ကရင်ပြည်နယ်တွင်းမှ ကျေးရွာများဘက် စစ်ကြောင်းချီရာတွင် ၎င်းတို့အား KNU က တိုက်ခိုက်ပါက လူနေရပ်ကွက်များ၊ ကျေးရွာများကို ပစ်ခတ်မည်ဟု ပြည်သူနှင့်အကြပ်ကိုင်၍ ခြိမ်းခြောက်မှုများ ပြုလုပ်လေ့ရှိပြီး  လူနေရပ်ကွက်များ၊ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ပြုလုပ်တတ်သည်ကို တွေ့ရသည်။

လေးကေကော်မြို့သစ်ကို KNU နှင့် ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေးတည်ဆောက်ရန် ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း၏အကူအညီဖြင့် (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူနေရပ်ကွက် (၆)ခုဖြင့် အိမ်ခြေ (၈၀၀)နီးပါးရှိကြောင်း သိရသည်။

 

ဆက်စပ်သတင်း