ရခိုင်ပြည်နယ်မြောက်ဘက်အခြေအနေများနှင့်ပတ်သက်၍ (၁၉၅) ဖွဲ့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC) နှုတ်ထွက်ကြောင်း ၂၀၂၄ ခုနှစ် မေလ (၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။
ပူးတွဲထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)၏ အမည်ပါဝင်ခဲ့မှုသည် အဖွဲ့အစည်းတွင်း ဆွေးနွေးညှိနှိုင်း သဘောထားရယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အားနည်းချက်များကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)တွင် ပါဝင်လျက်ရှိသည့် အစုအဖွဲ့အားလုံး၏ သဘောထားနှင့် အမြင်အား ထင်ဟပ်ခြင်းမရှိဟု ဆိုသည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) အနေဖြင့် ကြေညာချက်တွင် ပါဝင်ခဲ့မှုမှာ အဖွဲ့အစည်းတွင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အားနည်းချက်ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သဖြင့် ပြည်သူလူထုအား အနူးအညွတ် တောင်းပန်ပြီး အဆိုပါ ပူးတွဲထုတ်ပြန်ချက်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) နှုတ်ထွက်သည်ဟု ဆိုသည်။
စတင်ဖွဲ့စည်းခဲ့ချိန်နှင့် စတင်ဖွဲ့စည်းချိန်မတိုင်မီကပင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) နှင့် အဖွဲ့ဝင်အဖွဲ့အစည်းများ၊ ရဲဘော်များ၏ အစဉ်အမြဲရပ်တည်ချက်ဖြစ်သော ရိုဟင်ဂျာ အပါအဝင် အခြားသော အဖိနှိပ်ခံ လူနည်းစုများ၏ လူသားဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့အတွက် အကြွင်းမဲ့ ကာကွယ်ရပ်ခံသည့် ရပ်တည်ချက်အား မယိမ်းမယိုင် ဆက်လက်ခံယူထားသည်ဟုလည်း ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဆင်နွှဲနေသော စစ်သုံးစစ် တိုက်ဖျက်ရေး တော်လှန်ရေးအရှိန်အဟုန်အား စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ(GSC)သည် ဆက်လက်ထောက်ခံ ရပ်တည်ကြောင်း ဖော်ပြထားသည်။
ရှင်းလင်းသော သဘောထားအမြင်တရပ် ကျေလည်စွာ ပေါ်ထွက်လာနိုင်ရန် ရိုဟင်ဂျာ၊ ရခိုင် အပါအဝင် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ ပကတိအခြေအနေများကို ဆက်လက်လေ့လာ စောင့်ကြည့်သွားမည်ဟုလည်း ဆိုသည်။
အဆိုပါပူးတွဲသဘောထား ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်ခဲ့ပြီး အဖွဲ့အစည်းတချို့လည်း ပူးတွဲထုတ်ပြန်ချက်မှ နှုတ်ထွက်သွားခဲ့သည်။
ထို့အပြင် AA ကလည်း ရခိုင်ပြည်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့အစည်းများ ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်(သို့မဟုတ်)ထုတ်ပြန်ချက်များ ဖော်ပြပေးကြရန် ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
ထုတ်ပြန်ချက်ထဲတွင်ပါဝင်သော အဖွဲ့အစည်းများထဲမှ AAနှင့် ခင်မင်ရင်းနှီးသောအဖွဲ့အစည်းများအနေဖြင့် ကျိုးကြောင်းဆီလျော် သော ရှင်းလင်းချက်(သို့မဟုတ်)ထုတ်ပြန်ချက်များကို အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာတွင်လည်းကောင်း၊ AA၏ အီးမေလ်လိပ်စာသို့လည်းကောင်း ပေးပို့နိုင်ကြောင်း တောင်းဆိုထားသည်။
၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အခြေအနေအကျိုးအကြောင်းကို ရှင်းလင်းစွာမသိရှိဘဲ ဖော်ပြခြင်းခံခဲ့ရသော အဖွဲ့အစည်းများရှိပါက မည်သည့်အတွက်ကြောင့် ပါဝင်ခဲ့ရသည်များကို ရှင်းလင်းချက် ထုတ်ပြန်ပေးရန်လည်း တောင်းဆိုထားသည်။
သို့မှသာ ခင်မင်ရင်းနှီးသော အဖွဲ့အစည်းများ အချင်းချင်းကြားတွင် အပြန်အလှန်နားလည်မှုလွဲခြင်း၊ ယုံကြည်မှုပျက်ပြားခြင်း၊ စိတ်ဝမ်းကွဲမှုမျိုးဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
အမှန်တရားကို ရဲဝံ့စွာဖြင့် ပွင့်လင်းစွာပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းဖြင့် အခြေအနေမှန်များကို တည့်မှန်နိုင်မည်ဖြစ်သည့်အပြင် အချင်းချင်းကြားတွင်ရှိကြသော ယုံကြည်မှု၊ နားလည်မှုများလည်း ပိုမိုမြှင့်မားလာမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: General Strike Committee - GSC