ထားဝယ်မြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးကာ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ် တိုက်ခိုက်ခံရ

ထားဝယ်မြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးကာ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ် တိုက်ခိုက်ခံရ

 တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထားဝယ်မြို့အ၀င် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ဖမ်းဆီးစစ်ဆေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။

ထားဝယ်မြို့အ၀င် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ( ၂၇ ) ရက် နေ့ ည ( ၇ ) နာရီ ၀န်းကျင်ခန့်တွင် ဒူကရစစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ( ၇ ) ဦးထက် မနည်း သေဆုံးပြီး ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ဒူကရစစ်ကြောင်း ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ဒူရကစစ်ကြောင်း၏ ဦးဆောင်မှုဖြင့် ဓ၀ယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် ( DNLA ) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPPDF ) နှင့် ဖက်ဒရယ် ဓူဝံကြယ်ဒရုန်းတပ်ခွဲ ( FPF ) အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တနိုင်လုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန် ဒူရကစစ်ကြောင်းက အသိပေးထားသည်။

ထို့အပြင် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည့်နှင့်အမျှ ပြည်သူ့ဘက် ၊ အမှန်တရားဘက် ရပ်တည်လိုသည့် စစ်ကောင်စီတပ်မှ တပ်သားများ ၊ ရဲတပ်ဖွဲ့ဝင်များအဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန်ကိုလည်း ဒူရကစစ်ကြောင်းက တိုက်တွန်း အသိပေးထားသည်။