စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာရွာမှ မှန်တောရွာဘက်သို့ ဖောကား(၂၀)စီး၊ ခြေလျင်(၅၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ် အပါအဝင် ပျူစောထီးများနှင့် ယနေ့ ဧပြီ လ(၂)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က အောင်သာရွာနှင့် မှန်တောရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF KKG က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အောင်မင်္ဂလာရွာအတွင်းသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းစစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အောင်သာရွာ နှင့် မှန်တောရွာအတွင်းသို့ မကြာခဏ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ္စည်းများ ခိုးယူခြင်းများ လုပ်ဆောင်လျှက်ရှိပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။