မွန်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တိုက်ဖျက်မည်

မွန်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တိုက်ဖျက်မည်
စက်တင်ဘာ 20, 2024 | 2021 Military Coup| အခြားဒေသများ

တော်လှန်ရေးတွင်ပါဝင်နေသည့် မွန်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တိုက်ဖျက်သွားမည်ဟု ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်း ဆုံးဖြတ်ကြောင်း ယနေ့ စက်တင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။ 

တော်လှန်ရေးတွင် ပါဝင်နေသည့် မွန်လူငယ်များသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို လွတ်မြောက်နယ်မြေတွင် ကျင်းပခဲ့ကြပြီး နိုင်ငံရေးအစုအဖွဲ့များ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါဝင်ပြီး မွန်ပြည်နှင့် မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်သည့် မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းရန်၊ မွန်ပြည်တွင်းမှ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအနေဖြင့် တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်လည်း ဆုံးဖြတ်သည်။

ထို့အပြင် စစ်အာဏာရှင်အသက်ဆက်နိုင်ရေး ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား ပြည်သူလူထုအပါအဝင် အစုအဖွဲ့များအားလုံးက ဆန့်ကျင်တော်လှန်တိုက်ဖျက်သွားရန်နှင့် မွန်ပြည်နယ်နှင့် ထိစပ်ဒေသများတွင် ဖြစ်ပွားနေသော လူသားချင်းစာနာမှုအခြေအနေများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်စေရေး တော်လှန်သောအစုအဖွဲ့များမှ စနစ်တကျ ချိတ်ဆက်ပြီး ပူးပေါင်းသွားရန် ဆုံးဖြတ်သည်ဟု သိရသည်။

ထုတ်ပြန်သည့်အဖွဲ့များမှာ မွန်ဖက်ဒရယ်ကောင်စီ-လူငယ်ကိုယ်စားလှယ်(MSFC)၊ ရာမညဖက်ရယ်အင်အားစုသစ်(NRFF)၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSDF)၊ ရေးပြောက်ကျားတပ်(YGF)၊ ရာမညလူ့အခွင့်အရေးဖောင်ဒေးရှင်းနှင့် အဖွဲ့(၄)ဖွဲ့တို့ပါဝင်သည်။

#TachileikNewsAgency

Photo: Mon State Revolutionary Force - MSRF