မကွေးတိုင်း၊ ငဖဲမြို့တွင် အင်အား(၆၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ယနေ့ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား(၂၀)ကျော်သေကြောင်း People Revolution Alliance(PRA Magway)က ထုတ်ပြန်သည်။
အင်အား(၆၀၀)ဝန်းကျင်ဖြင့် ငဖဲမြို့၊ အနောက်ဖက်(၁၆)မိုင်အကွာခန့်ရှိ ရေယာဉ်တောင်ကြောသို့ စစ်ကြောင်းထိုးလာသဖြင့် People Revolution Alliance(PRA Magway)နှင့် Asho Chin Defence Force(ACDF)တို့က ပူးပေါင်းကာ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြားဒဏ်ရာရသွားပြီး သေသူများကို အလောင်းကောက်ဆုတ်ခွါသွားကြသော်လည်း နေ့လည်ပိုင်းတွင် အလုံးအရင်းဖြင့် ပြန်လည်ရောက်ရှိလာခဲ့ရာ တကြော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးသည် ကျည်ချပ်ထိဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိမှုကို အတည်မပြုနိုင်ကြောင်း သိရသည်။