မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ကျေးရွာနှင့် ကြအိုကျေးရွာမှ အမျိုးသား (၇)ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း ညောင်ဦးမြို့နယ် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီတပ်က အင်အား (၄၀)ခန့်ပါသည့် ကား (၅)စီးဖြင့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ မနက် (၅)နာရီခန့်က စတင်ပြီး ညောင်ဦးမြို့ ကျောက်ပြင်ကန်ကျေးရွာနှင့် ကြအိုကျေးရွာမှ အမျိုးသားများကို လိုက်လံဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဘာလို့ဖမ်းဆီးတာလဲ ဆိုရင်တော့ အဓိက ကတော့ စစ်မှုထမ်းဖို့ပါပဲ၊ အခုရက်ပိုင်းမှာ ပြည်သူတွေက အိမ်ထဲကနေ အိမ်အပြင်တောင် မထွက်ရဲတော့တဲ့ အနေအထားမှာရှိတယ်။ ဘယ်ကိုခေါ်သွားတာလဲဆိုတာတော့ အတိအကျမသိဘူးဗျ ဒီရက်ပိုင်းမှာတော့ အစစ်အဆေးတွေနဲ့ ပြည့်နေပြီး ဆွဲတာပိုများနေတယ်။ အဆွဲခံရတဲ့ (၁၁) ယောက်လဲ လမ်းပေါ်မှာဆွဲခံရတာ တယောက်ထဲပါ။ ကျန်တာက အိမ်ထဲဝင်ဆွဲတာပါ။”ဟု ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃) 21 Bagan – People Defense Force က တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီတပ်က အမျိုးသား (၁၁)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၄)ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် ကျောက်ပြင်ကန်ရွာ ဒေသခံများဖြစ်သည့် အသက် (၂၁)နှစ်အရွယ် ကိုဖိုးချစ်၊ (၂၈)နှစ်အရွယ် ကိုကိုမောင် အပါအဝင် အမျိုးသား (၅)ဦး၊ ရွာအပြင်ဘက်ရှိ အုတ်ဖိုလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်သူ အမျိုးသား (၅)ဦးနှင့် ကြအိုရွာမှ အသက် (၃၀)အရွယ် ကိုအောင်ကိုဝင်း (ခ) အောင်လှိုင်ဖြိုးတို့ ပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ ထိုသို့ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း သွားလာနေထိုင်ရာတွင် ဂရုစိုက်ကြရန် ညောင်ဦးမြို့နယ် ပ.က.ဖ တပ်ခွဲ (၃)က သတိပေးထားသည်။
ဒီဇင်ဘာလ (၇)ရက်နေ့ကလည်း ညောင်ဦးမြို့ အရှေ့ဘက် ၊ ညောင်ဦး လက်ပံခြေပေါ်ကြား ညောင်ဦး-မြင်းခြံ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို စစ်ကောင်စီ ထွေအုပ် ၊ ပြည်သူ့စစ် ၊ စစ်တပ်နှင့် ရဲတို့မှ ပူးပေါင်းဖမ်းဆီးခြင်းများလုပ်ဆောင်ခဲ့ပြီး ပြည်သူ (၁၀၀)ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency
Photo: 21 BAGAN - People Defense Force