NUG နှင့် CDM စစ်သား/ရဲများ လွတ်မြောက်နယ်မြေတွင် တွေ့ဆုံ

NUG နှင့် CDM စစ်သား/ရဲများ လွတ်မြောက်နယ်မြေတွင် တွေ့ဆုံ

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ပြည်သူ့သားကောင်း တပ်သား၊ ရဲများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတို့ တွေ့ဆုံပွဲကို မတ်လ(၁၉)ရက်က လွတ်မြောက်နယ်မြေအတွင်း ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့မတ်လ(၂၄)ရက်တွင် ထုတ်ပြန်သည်။ 

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီဝင်များ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသော တပ်သား၊ရဲသားများနှင့် ၎င်းတို့၏ မိသားစုဝင်များတက်ရောက်ခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲတွင် အမျိူးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့မှ ပေးပို့သော အားပေးစကားနှင့် ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ သည်။

ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူများကလည်း ကော်မတီ၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများကို ပြည်သူ့သားကောင်း တပ်သား၊ ရဲများနှင့် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် ပြည်သူ့သားကောင်းများနှင့်အတူ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: NUG